ဒီဇင်ဘာလ ၂၀ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာလ ၁၉ ရက် ၀၉၀၀ နာရီတွင် ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးကျေးရွာအနီး၌ ဦးမျိုးနိုင်ဦး(ခ)ကရင်(၄၂)နှစ်၊ နွားရောင်း/ ဝယ်ရေးလုပ်ကိုင်သူ၊ ခြောက်အိမ်တန်းကျေးရွာ၊ မိုးညိုမြို့နယ်နေသူအား PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ၃ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဦးမျိုးနိုင်ဦး(ခ)ကရင် ထံမှ ငွေကျပ် သိန်း ၂၀ အား ယူဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၉ ရက် ၂၀၀၀ နာရီတွင် မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့ကျေးရွာနှင့် မြန်မာစီဂွကျေးရွာအကြား၌ ဦးတင်ဦး (၄၇)နှစ်၊ စမ်းဘုတ်ကျေးရွာ၊ မင်းလှမြို့နယ်နေသူအား PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးတင်ဦးတွင် နဖူး၊ ဝဲလည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၉ ရက် ဝ၇၃၀ နာရီတွင် ကျောက်ဆည်မြို့နယ်၊ ငါးမွေကုန်းကျေးရွာနှင့် ကြောင်းကုန်းကျေးရွာကြား၊ ရန်ကုန် -မန္တလေး ရထားသံလမ်း မိုင်တိုင်အမှတ်(၇၃၆)၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မိုင်းပေါက်ကွဲ မှုကြောင့် ရထားသံလမ်းဇလီဘားတုံး ၃ တုံး ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၉ ရက် ၁၈၀၀ နာရီတွင် ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ အကြမ်းဖက် PDF အဖွဲ့မှ Drone ယာဉ်ဖြင့် Drop Bomb ၁ လုံး ဖြုတ်ချခဲ့သဖြင့် သူဌေးကုန်းကျေးရွာနေ ဒေါ်ညို၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ရာ ဒေါ်ညို(၆၀)နှစ်တွင် ဝဲ/ယာခြေသလုံးကြေမွ၊ နောက်ကျောပွင့်ထွက်ဒဏ်ရာ၊ သမီးဖြစ်သူ ဒေါ်အိအိမော်(၃၁)နှစ်တွင် ယာခြေကျင်း၊ ဝဲခြေသလုံးကျိုးကြေ၊ ဝမ်းဗိုက်ဗုံးစထိမှန်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ပြီး မြေးဖြစ်သူ မောင်ဟိန်းသူအောင်(၂)နှစ်တွင် ဝဲ/ယာခြေသလုံး၊ ဝဲလက်မောင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။