ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာကြားရှိ ရထားလမ်းမိုင်း‌ထောင်ဖောက်ခွဲခံရ၍ ပျက်စီးမှုဖြစ်ပွား

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာကြား မိုင်တိုင်အမှတ် ၈၅/၁-၂ ကြား၊ တံတားအမှတ် (၁၁၆/A) အနီးရှိ ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ထပ်မံကျူးလွန်ခဲ့၍ ရထားလမ်းနှင့် တံတားပျက်စီးမှုများ ယနေ့ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၁၄ ရက် (ယနေ့) နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် ၈၅/၁-၂ ရှိ တံတားအမှတ် (၁၁၆/A) အနီး၌ အကြမ်းဖက်များက ရထားလမ်းကို မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် တံတားအစွန် ကွန်ကရစ်ခုံ ၃ ပေ ပတ်လည်ခန့်ပျက်စီးခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ တံတားပေါ် သံလမ်းနှစ်ခုကြား ပလပ်စတစ်ကော်ပုံးနှင့်ထည့်ထားသည့် လက်လုပ်မိုင်း ၃ လုံးနှင့် တံတားအောက်တွင် လက်လုပ်မိုင်း ၄ လုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မိုင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့် တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရထားသွားလာမှုကို ထိခိုက်မှုမရှိသော အစုန်လမ်းမှ ဆက်လက်စေလွှတ်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်‌မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/တွေ့ရှိခြင်း ၁၂၈ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြသည်။