ထူးမြတ်ပူဇော် ဥပ္ပါတသန္တိ စေတီတော်(နေပြည်တော်)

ထူးမြတ်ပူဇော် ဥပ္ပါတသန္တိ စေတီတော်(နေပြည်တော်)

    နေပြည်တော်မြို့တော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏   အဓိကမြို့တော်ကြီးဖြစ်သည်။

အစိုးရရုံးစိုက်ရာ ရန်ကုန်မှ နေပြည်တော် တည်ရှိရာ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ် အပါအဝင် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ဇမ္ဗူသီရိ၊  ဇေယျာသီရိမြို့နယ်များ  ဖွဲ့စည်း၍ သမ္မတရုံး၊ လွှတ်တော်၊ အစိုးရဝန်ထမ်းအိမ်ရာများ၊ ဝန်ကြီးရုံးများရွှေ့ပြောင်း တည်ဆောက်ခဲ့ရာ ယခုအခါ စည်ကားသိုက်မြိုက်စွာ     ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံသည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ထေရဝါဒဗုဒ္ဓဘာသာ သာသနာကိုးကွယ်ရာ နိုင်ငံဖြစ်သည်နှင့်အညီ အောက်ဖော်ပြပါစေတီ၊ ဘုရားများကို အကြီးအကဲတို့ ဝါယမစိုက်ကာ တည်ထားကိုးကွယ်ခဲ့ကြပြန်ပါသည်-

(၁)     ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး။

(၂)     ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ ၄ ဌာန   ဗုဒ္ဓဂယာ ဘုရားများ။

(၃)     မဟာသကျရံသီ ရပ်တော်မူဘုရား။

(၄)     မာရဝိဇယ ကျောက်တော်ကြီးဘုရား          (တည်ဆောက်ဆဲ)။

ထို စေတီ၊ ဘုရားများကို ဥပ္ပါတသန္တိ ကုန်းတော် တွင် “ဥပ္ပါတသန္တိစေတီတော်”၊ ဖိုးဇောင်းတောင် အောက်ခြေ၊ တပ်ကုန်းနှင့် ဒက္ခိဏသီရိမြို့နယ်ကြားရှိ တောင်ခြေ၊ တောင်ကုန်း၊ တောတန်းနေရာများ၌ “ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ ၄ ဌာန” ဗုဒ္ဓဂယာဘုရားများ၊ ဖိုးဇောင်းတောင်ပေါ် (ယခင်အခေါ်အဖိုးစောင့်တောင်) ရှိ “မဟာသကျရံသ”} ရပ်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်၊ ယခုတည်ဆောက်ဆဲဖြစ်သော ဒက္ခိဏသီရိမြို့နှင့် နေပြည်တော်-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ    “မာရဝိဇယ”ဘုရား(ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ရုပ်ပွားတော် ဘုရားကြီး)တို့ကို အကြီးအကဲတို့ သာသနာတော် စောင့်ရှောက်ရင်း   တည်ထားပူဇော် တည်ဆောက်ခဲ့ကြသည်။

ဤတွင် “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး” သည်ရာဇဌာနီ နေပြည်တော်ဟု စတင်တည်ဆောက်ခဲ့စဉ်မှစ၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်အောက် ၁ ပေလျော့ကာ ဉာဏ်တော်၃၂၅ ပေ အမြင့်ဖြင့် ရွှေတိဂုံစေတီတော် ပုံတော်အတိုင်း ၂၀၀၆ ခုနှစ် သြဂုတ် ၄ ရက်မှစ၍ ဆောက်လုပ်တည်ထား ပူဇော်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရွှေထီးတော်တင်လှူနိုင်ခဲ့ပြီး သာသနာသက္ကရာဇ်၂၅၅၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၁၄ ရက်၊ ခရစ်နှစ် ၉-၃-၂၀၀၉ခုနှစ်တွင် အပြီးတည်ဆောက်၍ “ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား” ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

မဟာမင်္ဂလာ ၉ ဆင့်ဖြင့် တည်ဆောက်ပူဇော်ခဲ့ပြီး ဖြစ်ရာ ယခုအခါ စေတီတော်မြတ်ကြီးအား-

(၁)     သဗ္ဗညုတ ဂေါတမဗုဒ္ဓဘုရားရှင်သာရီရိက  ဓာတ်တော်အစစ် ၆ ဆူ ဌာပနာသွင်းလှူ ပူဇော်ထားရှိခြင်း။

(၂)     စေတီကုန်းတော်ပေါ်တွင် အရံစေတီများ  အာရုံခံတန်ဆောင်းများ မထားရှိခြင်း။

(၃)     အမြင့် ၇၃ ပေ ၈ လက်မရှိသော ဘုရားဖူး    ပရိသတ် ၁၀၀၀၀ ဆံ့ လိုဏ်တော်စေတီကြီး ဖြစ်ခြင်း။

(၄)     လိုဏ်တော်အတွင်း ဉာဏ်တော် ၃ ပေ ၂ လက်မရှိ ကကုသန္ဓ၊ ကောဏဂမန၊ ကဿပ၊  ဂေါတမကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော် လေးဆူ နှင့် သီရိလင်္ကာနိုင်ငံနှင့်  တရုတ်နိုင်ငံတို့မှလှူဒါန်းထားရှိသော “ဗုဒ္ဓမြတ်စွယ်တော် ၂ ဆူ”     ပူဇော်ထားရှိခြင်း။

(၅)    စေတီရင်ပြင် အရှေ့မြောက်ထောင့်တွင် ဘုံခုနစ်ဆင့်ပါ န္ဓကုဋိကျောင်းဆောင် တွင်း၌ “မဟာဆု တောင်းပြည့်ပန်းပေါင်းစုံ ရုပ်ပွားတော်မြတ်ကြီး”ပူဇော်ထားရှိခြင်း။

(၆)    စေတီတော်အရှေ့တောင်နှင့်   အနောက် တောင်ထောင့်တို့၌ ဓာတ်လှေကား လေးစင်း တည်ဆောက်ထားရှိခြင်း။

(၇)    စေတီတော်တွင် ခြသေ့ၤရုပ်၊ ဘီလူးရုပ်ပုံများ မပါရှိခြင်း။

(၈)    ရင်ပြင်တော်အကျယ်မှာ ၇၀၂ ပေဖြစ်၍ ရင်ပြင်တော်ပေါ်၌ ဘုရားဖူး ပရိသတ်၂၀၀၀၀ ခန့်ပူဇော်ဖူးမြော်နိုင်ခြင်း။

(၉)    အမြင့် ၁၀၈ ပေရှိသော ခံ့ညားကြီးမားလှသည့် တံခွန်တိုင်ကြီးအား ရင်ပြင်တော်အရှေ့တောင်ထောင့် အရပ်တွင် တည်ဆောက်ပူဇော်ထားရှိခြင်စသည့်ထူးခြားမှုများဖြင့် သပ္ပာယ်စွာကြည်ညို ဖူးမြော်နိုင်ကြပြီဖြစ်ပါသည်။

ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးတွင် အခြားစေတီ ဘုရားများထက် ထူးခြားပြည့်စုံတော်မူသော အောက်ဖော်ပြပါ အဆောက်အအုံများစွာကိုလည်း ခံ့ညား

ထည်ဝါစွာ မြင်တွေ့ဖူးမြော် ပူဇော်နိုင်ကြပါသည်-

(၁)     ဆင်ဖြူတော် ၇ စီး (ဘဒ္ဒဝတီ၊ နန္ဒဝတီ၊  ဟေမဝတီ၊ ငွေဆဒ္ဒန်၊ ဇာတကလျာ၊ သီရိမာလာ၊ ရဋ္ဌနန္ဒက) ရှိရာ ဆင်ဖြူအဆောင်တော်ကြီး။

(၂)     မာလိနီမင်္ဂလာရေကန်တော်နှင့် ရှင်ဥပဂုတ္တစံကျောင်းတော်။

(၃)     စေတီတော်လိုဏ်အတွင်း နံရံကပ်ဗုဒ္ဓဝင် ကျောက်ထွင်းပန်းချီကားများ။

(၄)     စေတီတော်ရင်ပြင်အနောက်မြောက်ထောင့်တွင် အကျယ်ပေ ၅၀ ရှိ မဟာအောင်မြေနေရာ။

(၅)    စေတီတော်အောက်ခြေ   ပရိဝုဏ်အတွင်း မြေနေရာများတွင် ပွင့်ရောဗောဓိ ၂၈ ပင်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဗောဓိညောင်ပင်   ၁၀၈ပင်၊ မဟာဗောဓိညောင်ပင်ကြီး ၃ ပင်။

(၆)    အလျား ၇၅ ပေ၊ အနံ ၇၅ ပေ၊ အမြင့် ၁၆         ပေရှိ “ဝိသုံဂါမရွှေသိမ်တော”၊ အလျား ၁၁၇ ပေ၊           အနံပေ ၅၀၊ အမြင့် ၁၅ ပေရှိ “စေတိယပါလစံ  ကျောင်းတော်ကြီး”၊ အလျားပေ ၄၃၀၊ အနံ           ၃၅၆ ပေ၊ အမြင့် ၁၉ ပေ ၆ လက်မရှိ ၊သာသနာ့မဟာဗိမာန်တော်ကြီး ၊ အလျား ၄၅၆ ပေ၊ အနံ   ပေ ၉၀၊ အမြင့် ၁၄ ပေရှိ အိပ်ခန်း ၁၅ ခန်းပါ     “သံဃာရာမ ကျောင်းဆောင်လေးဆောင်”          အလျား  ၂၅၁ ပေ ၄ လက်မ၊ အနံ ၇၉ ပေ ၈     လက်မ၊ အမြင့် ၃၂ ပေရှိ ၊ ပြတိုက်-ပိဋကတ်တိုက်-မော်ကွန်းတိုက်}} နှစ်ထပ်အဆောက်     အအုံကြီး၊ အလျား ၁၉၅ ပေ၊ အနံ ၈၆ ပေ၊   အမြင့် ၂၄ ပေရှိ “ဂေါပကအဖွဲ့ရုံး” နှစ်ထပ်       အဆောက်အအုံကြီး။

(၇)    စေတီတော် အရှေ့၊ အနောက်၊ တောင်၊ မြောက် တို့၌ တည်ရှိသော  စောင်းတန်းလေးသွယ်   နှင့်, အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်    တောင်ဘက်ခြမ်းတို့၌ နားနေဇရပ် သုံးဆောင်           တည်ဆောက်ထားရှိခြင်း။

နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား စေတီဝတ္တကမြေအတွင်း လှည့်လည် ပူဇော်နိုင်သလို ဝိသုံဂါမရွှေသိမ်တော်ကြီး၊ ဆရာတော်ကြီးများ နားနေဆောင် စေတိယပါလစံ ကျောင်းတော်ကြီးများနှင့်တကွ သာသနာအခမ်းအနား ပူဇော်ပွဲများ ကျင်းပရာ သာသနာ့မဟာဗိမာန်တော်ကြီး၊ သံဃာတော်များ နားနေရန် သံဃာရာမကျောင်းဆောင် လေးဆောင်အပြင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ရန် ဗုဒ္ဓစာပေဆိုင်ရာ ပြတိုက်-ပိဋကတ်တိုက်-မော်ကွန်းတိုက်နှင့်  ဂေါပကအဖွဲ့ ရုံးစိုက်ရာနေရာတို့အား မြန်မာမှုဗိသုကာလက်ရာ များစွာကို အပြည့်အဝတွေ့မြင် ခံစားလေ့လာခွင့်ရရှိကြပါမည်။

စေတီတော်အရှေ့ဘက်စောင်းတန်း အောက်ခြေ အရှေ့ဘက်ရှိ ဆင်ဖြူတော် ၇ စီးထားရှိရာ ဆင်ဖြူ တော်ဆောင်မှာ ခံ့ညား  ကျယ်ဝန်းလှသည်။ ဆင်ဖြူတော်များ ရေချိုးရန်နှင့် လှည့်လည် သွားလာနိုင်ရန် ၅၀ ဒသမ ၃ ဧက ကျယ်ဝန်းသည့် သစ်တောမြေ နေရာရှိသည်မှာလည်း ဆင်ဖြူတော်များ အတွက်စောင့်ရှောက်ပေးမှုကို အံ့မခန်းဖွယ်မြင်တွေ့ကြရပါမည်။ ပင်လယ်ရေပြင်အမြင့် ၅၁၉ ဒသမ ၇၆၁ ပေတွင် စေတီကုန်းတော်ကြီး တည်ရှိပြီး ပွဲတော်များ ကျင်းပရာ ကွင်းမြေ ၅၄ ဒသမ ၈၉ ဧက၊ မီးရှူးမီးပန်းကွင်းမြေ ၄၁ ဒသမ ၃၂ ဧက၊ ဝတ္တကမြေ ၁၇၇ ဒသမ၉၃ ဧက၊ အဆောက်အအုံနှင့် ဘုရားစေတီနေရာများ အပါအဝင် စုစုပေါင်း ၃၂၄ ဒသမ ၄၄ ဧက ကျယ်ဝန်းပါသည်။

စေတီတော်၏ အနောက်မြောက်ထောင့်အရပ်တွင် ဗုဒ္ဓခြေတော်ရာ သီရိပါဒကျောင်းတော်နှင့် သြဝါဒပါတိမောက်စေတီတော်ငယ် တစ်ဆူ၊ စေတီတော်အနောက်ဘက် အောက်ခြေ ကားလမ်းအနီး၌ အမြင့် ၇ ပေရှိ ရပ်တော်မူကျောက်ဆစ် ရုပ်ပွားတော် တစ်ဆူနှင့် ကျောင်းဆောင်ငယ် တစ်ဆောင်တို့မှာလည်း ဝတ္တကနယ်မြေအတွင်း လှူဒါန်း တည်ဆောက်ထားရှိခဲ့ကြရာ မော်တော်ယာဉ်ဖြင့် လှည့်လည်ပူဇော် ဖူးမြော်နိုင်ကြသည်။ မော်တော်ယာဉ်များ ထားရှိရန် ကွန်ကရစ်ခင်းကွင်းပြင်များ၊ ဘုရားဈေးတန်းတို့မှာလည်း    စေတီတော်ပတ်ပတ်လည် အခြေများ၌ တည်ဆောက်ထားရှိရာ လာရောက်ဖူးမြော် ပူဇော်ကြသူ ဘုရားဖူးများစွာအတွက် အဆင်ပြေချောမွေ့လှပြီး ဘုရားဖူးလာရောက်ရင်း ကုသိုလ်များစွာရရှိလျက်   စိတ်၏ချမ်းမြေ့ ကွန်းခိုရာအဖြစ် ခံစားပီတိများစွာ ဖြစ်ပေါ်လာမည်မှာ     အမှန်ပင်ဖြစ်ပါ သည်။

ယခုအခါ ရွှေစင်ရွှေပြားများကိုလည်း စေတီတော်၏ ဒုတိယဖောင်းရစ်အထိ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ရာ ရွှေစင်ရွှေပြားသ င်္ကန်းတော်များစွာတို့သည် စေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ငှက်ပျောဖူး၊ ငှက်ပျောဖူး အောက်ခါးစည်း၊ အထက်ကြာနု၊ ကြာလန်၊ ရွဲအထက်ဖောင်း၊ ရွဲ၊ ရွဲအောက်ဖောင်း၊ ကြာမှောက်၊ အောက်ကြာနု၊ အောက်ကြာနုအောက်ခါးစည်းကြီး၊ တတိယဖောင်းရစ် (တတိယဂေါ့)၊ ဒုတိယ ဖောင်းရစ် (ဒုတိယဂေါ့) ဒုတိယဖောင်းရစ်အထိ ရွှေရောင်တဝင်းဝင်းဖြင့် ကြည်ညိုသပ္ပာယ်စွာ ဖူးတွေ့ရမည်ဖြစ်ပြီး စေတီတော်ကြီး၏ ကျန်ရှိနေရာများတွင် ရွှေစင်ရွှေပြားများ ကပ်လှူ ပူဇော်နိုင်ရေးအား ဂေါပကအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါသည်။

စေတီတော်ကြီးတွင်  လစဉ်အလိုက်  ပွဲတော် အခမ်းအနားများကိုလည်း စဉ်ဆက်မပြတ်နှစ်စဉ် ကျင်းပခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ် ပူဇော်ပွဲအား ၁၂ လလုံး လစဉ်စီမံဆောင်ရွက်ခဲ့ကြပြီး တန်ခူးလ နှစ်ဆန်းတစ်ရက်နေ့နံနက်၌ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနား၊ ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲ တော်အခမ်းအနား၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)၌ ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား၊ ဝါတွင်း သုံးလတွင် လဆန်း ၈ ရက်၊ လဆုတ် ၈ ရက်နှင့် လပြည့်၊ လကွယ်နေ့များ၌ ဥပုသ်သီလပေးပွဲ၊ သီတင်းကျွတ်လပြည့်နေ့၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ သီလပေးပွဲနှင့် ဆီမီးထွန်းညှိ ပူဇော်ပွဲတော်၊ တန်ဆောင်မုန်း လပြည့်နေ့၌ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ဆီမီးထွန်းညှိပူဇော်ပွဲတော်၊ တပေါင်းလ၌ ဗုဒ္ဓပူဇနိယ ပွဲ၊ ဘုရားပွဲ (ပျော်ပွဲ၊ ရွှင်ပွဲ)၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန် တော်လောင်းလှူပွဲ အခမ်းအနားများ ပူဇော် ကျင်းပခဲ့ကြပါသည်။

မြန်မာနိုင်ငံတော်အတွင်း ထေရဝါဒဗုဒ္ဓသာသနာတော်အား စောင့်ရှောက်ရာ   သာသနာနယ်မြေ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ခမ်းနားကြီးကျယ် မြင့်မြတ်မှုအား   နေပြည်တော်မြို့တော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများသာမကဘဲ တစ်ကမ္ဘာလုံးရှိ ဘုရားဖူးများစွာတို့သည် အဆန်းတကြယ် အံ့မခန်းဖွယ်ရာ တည်ထားတော်မူသော မြန်မာမှုဗိသုကာလက်ရာ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရှိရာသို့ ထူးမြတ်ပူဇော် လာရောက်ဖူးမြော်ကြပါရန်နှင့် ကုသိုလ်ကောင်းမှု အစုစုတို့အတွက်တိုက်တွန်းနှိုးဆော်ရင်း ကြိုတင်သာဓု သုံးကြိမ်ခေါ်ဆိုလျက် နိဂုံးချုပ်အပ်ပါသည်။   ။

ညိုထွန်းလွင်