ထိုင်ဝမ်သမ္မတသစ်တက်လာပြီးနောက် စစ်ရေးလေ့ကျင့်မှုများ တရုတ်နိုင်ငံတွင်စတင်ပြုလုပ်

ထိုင်ဝမ်သမ္မတသစ်လိုင်ချန်တေးတက်လာပြီး ရက်ပိုင်းအကြာ မေလ (၂၃) ရက်နေ့မှာ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ ပြစ်ဒဏ်လို့အမည်ပေးထားတဲ့ နှစ်ရက်ကြာစစ်ရေးလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရက လိုင်ချန်တေးဟာ ခွဲထွက်ရေးသမားတစ်ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး မေလ(၂၀)ရက်နေ့မှာလုပ်ဆောင်ခဲ့တဲ့ ၎င်းရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြစ်တင်ရှုတ်ချတယ်လို့လည်း သိရပါတယ်။ လိုင်ချန်တေးဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ကျွန်းပြည်သူတွေသာ ၎င်းတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ဒုံးကျည်တပ်ဖွဲ့တို့ပါဝင်တဲ့ စစ်ရေးလေ့ကျင်မှုကို မေလ(၂၃)ရက်နေ့၊ နံနက်(၇)နာရီ(၄၅)မိနစ်မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ အရှေ့ပိုင်းစစ်ကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ Kinmen၊ Matsu၊ Wuqiu ၊ Dongyin ကျွန်းတွေအပြင် ကျွန်းရဲ့ အရှေ့ဖက်၊ တောင်ဖက်၊ မြောက်ဘက်နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ပြုလုပ်နေတယ်လို့ တရုတ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေအတွင်း ပူးတွဲပင်လယ်-လေကြောင်းတိုက်ခိုက်ရေးအတွက် အဆင်သင့်ပြင်ထားတဲ့ ကင်းလှည့်မှုတွေ၊ အဓိကပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပူးတွဲတိုက်ခိုက်ရေးစွမ်းရည်တွေကို စမ်းသပ်ဖို့အတွက် ပေါင်းစပ်စစ်ဆင်ရေးတွေကို အဓိကထားလုပ်ဆောင်သွားမယ်လို့ တရုတ်စစ်တပ်ကပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ ‘ဒါဟာ ထိုင်ဝမ်ရဲ့ ခွဲထွက်ရေးလုပ်ရပ်တွေအတွက် ပြင်းထန်တဲ့ပြစ်ဒဏ်တစ်ခုဖြစ်သလို ပြင်ပအင်အားစုတွေရဲ့ ရန်စ မှုတွေကို ဆန့် ကျင်တဲ့ ပြင်းထန်တဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်’လို့ ရေးသားဖော်ပြထားပါတယ်။ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေကို စတင်ပြီးနောက် ထိုင်ဝမ်ကျွန်းရဲ့ အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေစေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မေလ(၂၃)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်အစိုးရဟာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ရှုတ်ချပြီး ကျွန်းရဲ့အမျိုးသားလုံခြုံရေးကို ပြတ်ပြတ်သားသားကာကွယ်သွားမှာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ထပ်မံပြောဆိုခဲ့ပါတယ်။