ထိုင်ဝမ်ကျွန်းလွတ်လပ်ရေးအတွက် ပြင်ပမှအထောက်အပံ့များကို တားဆီးနိုင်စွမ်းရှိဟု တရုတ်စစ်ဘက်ပြော

ထိုင်ဝမ်ကျွန်းလွတ်လပ်ရေးအတွက် ပြင်ပမှပေးမည့် မည်သို့သော အထောက်အပံ့မျိုးကိုမဆို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က  တားဆီးနိုင်စွမ်းရှိကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ တန်ကီဖေးက ဒီဇင်ဘာ ၆ ရက်တွင်ပြောသည်။

တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်းလွတ်လပ်ရေးအတွက် ရည်မှန်းတဲ့ ပြင်ပမှဘယ်လိုကြားဝင်စွက်ဖက်မှု မျိုးမဆိုနဲ့ ခွဲထွက်ရေးပူးပေါင်းကြံစည်မှုတို့ကို ဟန့်တားနိုင်စွမ်းရှိပါတယ်ဟု တန်ကီဖေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တရုတ်နိုင်ငံအနေဖြင့်    ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမည်ဟု ကတိပြုထားသော်လည်း လိုအပ်ပါက အင်အားကို အသုံးပြုမည်မဟုတ်ဟု ကတိပြုထားခြင်း မရှိကြောင်း  အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လေယာဉ်အစင်း ၂၀ နှင့် စစ်ရေယာဉ်လေးစင်းတို့က ယခုသီတင်းပတ်အစောပိုင်းတွင်  ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်၌ လှည့်ပတ်သွားလာနေသည်ဟု အဆိုပါကျွန်းမှ  ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လအစောပိုင်းတွင် အမေရိကန်အောက်လွှတ်တော် အမတ်နန်စီပီလိုဆီက ထိုင်ဝမ်ကျွန်းသို့ သွားရောက်လည်ပတ်ပြီးနောက် ထိုကျွန်းအရေးတင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။

နန်စီပီလိုဆီ၏ ခရီးစဉ်သည် တရုတ်နိုင်ငံပိုင်ဖြစ်သည့် ထိုင်ဝမ်ကျွန်း၏ ခွဲထွက်ရေးကြိုးပမ်းမှုကို အားပေးအားမြှောက်ပြုသည့် လက္ခဏာဖြစ်ကြောင်း တရုတ်အစိုးရကဆိုကာ တရုတ်စစ်ဘက်က ထိုကျွန်းပတ်ပတ်လည်၌   စစ်ရေးလေ့ကျင့်မှုကြီးများကို လုပ်ဆောင်ကြောင်း သိရသည်။

Ref: Sputnik