(၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား စတင်ကျင်းပပြုလုပ်

(၄၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ လူဘူရန်ဘာဂျို (Labuan Bajo) မြို့၌ မေလ ၉ ရက်တွင် စတင်ပြုလုပ်ခဲ့ပါသည်။   ၂ နှစ် တစ်ကြိမ်ကျင်းပပြုလုပ်သည့် အဆိုပါအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ များအကြား စည်းလုံးညီညွတ်မှုခိုင်မာအားကောင်းစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးတို့အပါအဝင် အခြားသောကိစ္စရပ်များအားဆွေးနွေးရန် အာဆီယံခေါင်းဆောင်များက မျှော်မှန်းထားရှိပါသည်။

              ယခုထိပ်သီးအစည်းအဝေးသို့ တီမောလက်စတေဝန်ကြီးချုပ် တာမာတန်ရော့ခ် (Taur Matan Ruak) က လေ့လာသူအဖြစ်တက်ရောက်ခဲ့ပါတယ်။ အာဆီယံအဖွဲ့သည် ရေရှည်ကာလတွင် စီးပွားရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအတွက် ဗဟိုချက် အဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု မျှော်မှန်းထားကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ခဲ့ပါသည်။ အာရှဒေသ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် ၄.၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ မည်ဟု အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ခန့်မှန်းထားရှိပါသည်။ ယခုပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့၏စွမ်းဆောင်ရည်များ ခိုင်မာအားကောင်းစေရန် အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်မူကြမ်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ် အပါအဝင် အာဆီယံ၏ ၂၀၄၅ မျှော်မှန်းချက်အား ပြင်ဆင်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးသွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တီကူ ဖီဇက်ယာ (Teuku Faizasyah) က ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။