တောင်ကိုရီးယား၏ လုပ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက အတွဲလိုက်ဒုံးများပစ်လွှတ်

တောင်ကိုရီးယားစစ်ဘက်က ဒီဇင်ဘာ ၅ ရက်တွင် စတင်သော ကျည်စစ်ကျည်မှန် အသုံးပြုစစ်ရေး လေ့ကျင့်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက အတွဲလိုက်ဒုံးပစ်လောင်ချာများ အသုံးပြု၍ ဒုံးများကို ပစ်လွှတ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီခွဲကနေ ညနေ  ၃ နာရီ  မိနစ် ၅၀ အတွင်းမှာ အတွဲလိုက်ဒုံးပစ်လောင်ချာကနေလို့ ယူဆရတဲ့ အတွဲလိုက်ဒုံးများကို မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တာ တွေ့ရပါတယ်။ အချက်ရေစုစုပေါင်းကတော့ ၁၃၀ ဝန်းကျင်ရှိပြီး နှစ်နိုင်ငံရေပိုင်နက်ပိုင်းခြားထားတဲ့ ကြားခံနယ်မြေအတွင်းကို ပစ်လွှတ်တာပါဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

ထို့ကြောင့် သက်ဆိုင်ရာနယ်စပ်တပ်စခန်းများအနေဖြင့်  အသင့်အနေအထားရှိရန်၊ မြောက်ကိုရီးယား၏  လှုပ်ရှားမှုများကို စောင့်ကြည့်ရန်နှင့် အမြောက်အချက်ရေ ၁၃၀ ပစ်လွှတ်ရန်အမိန့်ပေးထားကြောင်း ကြည်းတပ်စစ်ဦးစီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အလားတူ မြောက်ကိုရီးယားက နှစ်နိုင်ငံရေပိုင်နက်ကိုပိုင်းခြားထားသည့်  ကြားခံနယ်မြေအတွင်းသို့ ဒုံးများပစ်လွှတ်ခြင်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ရရှိထားသော နှစ်နိုင်ငံကြားသဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားနိုင်ငံက လုပ်ဆောင်သော ကျည်စစ်ကျည်မှန် အသုံးပြုစစ်ရေး လေ့ကျင့်မှုများကို   လက်တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့အတွဲလိုက်ဒုံးများကို ပစ်လွှတ်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက နောက်ပိုင်းတွင်ထုတ်ပြန်ထားသည်။

ထို့အတူ တောင်ကိုရီးယား နိုင်ငံအနေဖြင့် နယ်စပ်အနီးအနားတွင် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် တင်းမာမှုများဖြစ်ပေါ်စေရန် မဖန်တီးသင့်ကြောင်း မြောက်ကိုရီးယားက တိုက်တွန်းထားသည်ဟု သိရသည်။  

  Ref: TASS, Yonhap