တိရစ္ဆာန်အစာ နေဗီယာမြက် စိုက်ပျိုးနည်း

မွေးမြူရေးလုပ်ငန်းရှင်များအတွက် နေဗီယာမြက်စိုက်ပျိုးခြင်းအကြောင်းမျှဝေထားတာလေးကို
ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်ရှင်။
နေဗီယာမြက်ဟာ ကြံပင်၊ ပြောင်းပင်တို့လို အပင်ကြီးမျိုးဖြစ်ပြီး တိရိစ္ဆာန်တွေကိုကျွေးရင်
သာမန်မြက်စားတာထက် (၂-၃)ဆကြီးထွားနှုန်း ပိုမြန်စေတဲ့ မြက်မျိုးဖြစ်ပါတယ်။
ရိုးရိုးမြက်တွေမှာ အသားဓာတ်၅%သာပါဝင်ပြီး နေဗီယာမြက်မှာတော့ အသားဓာတ် (၁၅-၁၉%)အထိပါဝင်ပါတယ်။
နေဗီယာမြက်ပင်ရဲ့ ထူးခြားချက်ကတော့ တစ်ခါစိုက်ရင် အနည်းဆုံး(၇)နှစ်လောက် ရိတ်သိမ်းနိုင်တဲ့အတွက် ကုန်ကျစရိတ်သက်သာတဲ့
မြက်မျိုးဖြစ်ပါတယ်။
တစ်ဧကစိုက်ပျိုးထားပါက တစ်နှစ်ပတ်လုံး နွားအကောင် ၂၀၊ ဆိတ် ၆၅ ကောင်အထိ ကျွေးမွေးနိုင်ပါတယ်။
ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်၊ ငါးအစရှိတဲ့တိရိစ္ဆာန်တွေကိုကျွေးမွေးနိုင်ပါတယ်။
နေဗီယာမြက်စိုက်ပျိုးရန်
(၁) မြေကို ထယ်(၁)စပ်ထိုးပြီး ထွန်(၁)စပ်မွှေရပါမယ်။
(၂) ပင်ကြား×တန်းကြား အကွာအဝေး(3´×3´)ထား၍စိုက်ပျိုးနိုင်ပါတယ်။
(၃) မိုးရာသီတွင်စိုက်ပျိုးပါက အဆစ်(၂)ဆစ်ပါသော ပင်ပိုင်းများကိုအဆစ်(၁)ဆစ်ကို မြေမှာမြှုပ်ပြီး ကျန်(၁)ဆစ်ကို
မြေမျက်နှာပြင်နှင့်ထိအောင်ထားပြီး စိုက်ပျိုးရပါမယ်။
(၄) ခြောက်သွေ့ရာသီမှာ စိုက်ပျိုးပါက ပင်ပိုင်းများကိုစိုက်ကြောင်းအတွင်းလှဲချ၍ မြေဖုံးစိုက်ပျိုးနိုင်ပါတယ်။
(၅) စိုက်ပြီးရက်(၃၀)အတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရပါမယ်။
(၆) ခြောက်သွေ့ရာသီမှာစိုက်ပျိုးပါက စိုက်ပြီး(၃)ရက်တစ်ကြိမ်ရေပေးရပါမယ်။
အစာခြောက်၊ အစာစိမ်းတွေချည်း မဟုတ်ပဲ နေဗီယာမြက်လေးကိုပါ ကျွေးပေးပါက ပိုပြီးအာဟာရဖြစ်စေမှာပဲ ဖြစ်ပါတယ်။