တစ်ပိုင်တစ်နိုင် အခြေခံငါးမွေးမြူနည်း

ငါးသားပေါက် စတင်မွေးမြူခြင်း (ထည့်သွင်းကောင်ရေနှင့် အချိန်)
တစ်ဧကလျှင် ၂ – ၂.၅ လက်မအရွယ် သားပေါက် (ငါးသန်) ၄၀၀၀ မှ ၅၀၀၀ အထိ မွေးမြူနိုင်ပါသည်။ ဇူလိုင်နှင့် သြဂုတ်လများတွင် စတင်မွေးမြူသင့်ပါတယ်။
ငါးသားပေါက်မွေးမြူထားစဉ်ဆောင်ရွက်ရန်
ငါးကန်အောက်ခြေတွင် စုပုံနေသော အညစ်အကြေးများကြောင့် ရေထုညစ်ညမ်းမှုမရှိစေရန် ကန်အောက်ခြေကို ချိန်းကြိုးကဲ့သို့
အမာပစ္စည်းတစ်ခုဖြင့် မွှေနှောက်ပေးခြင်း။ (ဥပမာ ချိန်းကြိုးဖြင့် ဆွဲခြင်းကို တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပါ။)
မွေးထားသော ငါးများမှ ကောင်ရေ ၁၅ – ၂၀ ခန့်အား ဖမ်းယူပြီး လစဉ် အလေးချိန်ကို မှတ်သားထားခြင်းဖြင့် ငါးကြီးထွားမှုကို သိရှိနိုင်ပါသည်။
ငါးအစာကျွေးခြင်း
ကန်တွင် နေရာ (၄) ခုမှ (၆) ခုခန့် ပုံမှန်သတ်မှတ်ပြီး အစာကို ကျဲပက်ကျွေးခြင်း။ ကန်ငယ်များတွင် ကန်ဘောင်မှ ရေအလည်အထိ
၆ – ၁၀ ပေခန့် တံတားပြုလုပ်ထားပြီး ထိုနေရာမှ အစာကို ကြဲပက် ကျွေးခြင်း။ လှေဖြင့် ကန်အ့သွားရောက်အစာကျွေးခြင်း။
ကန်ကြီးများတွင် ကန်အလျား (သို့) အကျယ်အတိုင်း ကြိုးဖြင့်တိုင်းတာပြီး အစာတိုင်များပြုလုပ်၍ အစာကျွေးခြင်း။
ကန်အသစ်တူးဖော်ခြင်း
သဘာဝအပင်များ ရှင်သန်စွာ ပေါက်ရောက်လျက်ရှိသော မြေကောင်းနေရာတွင် ကန်တူးဖော်ရန် ညီညာသော မြေပြင်ကို ရွေးပါ။
လယ်ယာကောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းသော နေရာ၊ ရေလွှမ်းမိုး သောနေရာများ၊ တောင်ပေါ်လှေကားထစ်စိုက်ခင်းနေရာများ၊
မိုးကာလရေကြီး၊ ရေကျော်သော နေရာများကို ရှောင်ပါ။ ငါးကန်ကို အနီးကပ်လွယ်ကူစွာ ဆက်သွယ်စောင့်ရှောက်နိုင်သော နေရာကိုရွေးပါ။
ရေရရှိမှု
ရာသီမရွေးရေကောင်း၊ ရေသန့်အလုံအလောက်ရရှိနိုင်သော မြစ်ချောင်း၊ ရေသွယ်မြောင်း အနီးအနားတွင် နေရာရွေးပါ။
မြေအမျိုးအစား
ရွှံ့စေးမြေကို ဦးစားပေးရွေးချယ်ပါ။ သဲနုန်းနှင့် သဲမြေ၊ ဂဝံမြေကို လုံးဝရှောင်ရှားပါ။
ကန်ပုံစံနှင့် ကန်ဘောင်
မိသားစု တစ်ပိုင်တစ်နိုင်မွေးမြူရန် ပေ ၅၀ x ၂၅ (၁၂၅၀ စတုရန်းပေ) အရွယ် ငါးမွေးကန်ကို လိုင်စင်ပြုလုပ်ရန် မလိုအပ်ကြောင်း
ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။ ငါးကန်တူးဖော်ရန် အောက်ပါအတိုင်းအဆင့်ဆင့်ဆောင်ရွက်ပါ။
(က) တူးဖော်မည့်ကန်သားနေရာကို အကွက်ရိုက်ပါ။ ဥပမာ (ပေ ၅၀ x ၂၅)
(ခ) တူးဖော်မည့် ကန်သားအပြင်ဖက်တွင် ၂ ပေခန့်ချန်ပြီး ကန်တာဘောင် တည်ဆောက်ရန် အကွက် ရိုက်ပါ။ (ဥပမာ – ၁၁ ပေ)
(ဂ) ကန်သားနေရာမှ မြေကို တူးပြီး ကန်တာဘောင်ဖို့ပါ။
(ဃ) ကန်သားကို အနက် ၃ ပေ ၄ ပေ အထိ တူးဖော်ပါ။
(င) ကန်တာဘောင် အမြင့်ကို မိုးရာသီတွင် ပတ်ဝန်းကျင်၌ အမြင့်ဆုံးရေအမှတ်အထက် ၁ ပေခန့် မြှင့်ထားသင့်ပါသည်။
(စ) ကန်တာဘောင်ဆင်ခြေလျောကို ရွံ့စေးမြေဖြစ်ပါက ၁ : ၁ သဲနူန်းဖြစ်ပါက ၁: ၂ ထားပါ။
(ဆ)ကန်ရေ အနက်၏ ၄ ပေအထက်တွင် အချင်း ၄ လက်မ သို့ ၆ လက်မ ရေလျှံပေါက်တပ်ဆင်ပါ။ PVC ပိုက် (သို့) ဝါးပိုးဝါးဖြင့် ပြုလုပ်နိုင်ပါသည်။
(ဇ) ရေလျှံပေါက် အဝများကို ဇကာပိုက်ဖြင့် စနစ်တကျ ဖုံးအုပ်ထားပါ။ ရေအဝင်အထွက်သာရှိပြီး ငါးအဝင်အထွက်မရှိရန်ဖြစ်သည်။
ငါးသားပေါက်စတင်မွေးမြူရန် ကန်အဆင်သင့်ပြုပြင်ခြင်း
(၁) ရေမှော်ပင်၊ ကိုင်းပင်၊ ကျူပင်၊ ခြုံပင်၊ နွယ်ပင်များ ရှင်းလင်းခြင်း။
(၂) ငါးကန်တာဘောင်များ ခိုင်ခံရန် ပြင်ဆင်ခြင်း၊ ထူးပေါက်များပိတ်ဆို့ခြင်း။
(၃) ကန်အောက်ခြေ၊ ရွှံ့အနည်အနှစ်များဖယ်ရှားခြင်း ငါးရိုင်းများရှင်းလင်းခြင်း။
(၄) လိုအပ်ပါက ငါးရိုင်းသတ်ဆေး အသုံးပြုခြင်း။
(၅) ကန်အခြောက်ခံခြင်း။
ထုံးနှင့်မြေသြဇာထည့်ခြင်း (၀.၀၁ ဧက ကန်အတွက်)
(၁) ထုံးအား ၁ ကီလိုဂရမ် (၆၃ ကျပ်သားခန့်) ဖြူးပေးပါ။
(၂) ၁၂ နာရီကြာ ရေစိမ်ထားပြီးသော တီဆူပါကို နံနက် ၁၀-၁၁ နာရီခန့်တွင် ကန်ရေစပ်ပတ်လည်အနှံ့ ပက်ဖြန်းပါ။
(၃) ပုလဲ ဓာတ်သြဇာကိုလည်း တစ်ချိန်ထဲ ပက်ဖြန်းပါ။
(၄) သစ်ရွက်ဆွေး (သို့) နွားချေးခြောက် ၆ -၁၀ ကီလိုဂရမ်ခန့် (၄ – ၆ ပိဿာခန့်)
(၅) ယူရီးယား (ပုလဲ) ၁၅၀ – ၂၀၀ ဂရမ် (၁၀ -၁၂ ကျပ်ခွဲသားခန့်)
(၆) တီစူပါ – ၇၅ – ၁၀၀ ဂရမ် (၅ – ၆ ကျပ်သားခန့်)
ငါးသားပေါက် မွေးမြူထားစဉ် ထုံးနှင့် မြေသြဇာထည့်ခြင်း (၀.၀၁ ဧက) ကန်အတွက်
ကန်ရေအစိမ်းရောင်ဖျော့ဖျော့ဖြစ်လာသောအခါ အောက်ပါ အချိုးအစားအတိုင်း ထုံးနှင့် မြေသြဇာကို အသုံးပြုပါ။
(၇) ထုံးကို ၁ ကီလိုဂရမ် (၆၃ ကျပ်သားခန့်) ဖြူးပေးပါ။
(၈) သစ်ရွက်ဆွေးမြေသြဇာ / နွားချေးခြောက် ၀.၅ – ၁ ကီလိုဂရမ် / တစ်ပတ် (၃၂ – ၆၃ ကျပ်သားခန့်)
(၉) ယူရီးယား (ပုလဲ) ၇၅ -၁၅၀ ဂရမ် / တစ်ပါတ် (၅ – ၁၀ ကျပ်သားခန့်)
(၁၀) တီစူပါ ၅၀ – ၇၅၀ ဂရမ်/၀.၀၁ ဧက/တစ်ပါတ် (၃ – ၅ ကျပ်သားခန့်)
(မှတ်ချက်) ကန်ရေအစိမ်းရင့်ရောင် ဖြစ်နေသောအခါ ထုံးနှင့်မြေသြဇာထည့်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်။)