တစ်နှစ်လျှင် အစင်းရေ ၁၀၀၀ ထုတ်လုပ်မည့် ရဟတ်ယာဉ်စက်ရုံသစ်ကို အိန္ဒိယထုတ်ဖော်ပြသ

တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုကို တန်ပြန်ဖို့အတွက် ကာကွယ်ရေးမြှင့်တင်မှုတစိတ်တပိုင်းအဖြစ် တစ်နှစ်လျှင် အစင်း‌ရေ ၁၀၀၀ ထုတ်လုပ်နိုင်မယ့် အိန္ဒိယ၏အကြီးဆုံး ရဟတ်ယာဉ်စက်ရုံကို ဖေဖော်ဝါရီ ၆ ရက်မှာ အိန္ဒိယအစိုးရက ထုတ်ဖော်ပြသခဲ့ကြောင်း Channel News Asia သတင်းဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

ပထဝီဝင်နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ တရုတ်ကို အာရုံစိုက်ပြီး မိမိရဲ့နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်လိုက်ကြောင်းလည်း အိန္ဒိယက အရင်သီတင်းပတ်က ကြေညာခဲ့ပြီးလည်းဖြစ်ပါတယ်။လက်ရှိအနေအထားမှာ အိန္ဒိယဟာ တရုတ်နဲ့ မြောက်ပိုင်းနယ်မြေကိစ္စ ရှိနေဆဲပါ။

မကြာသေးခင်ကမှ ဒေသတွင်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ခဲ့တောင်မှ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ရုရှားထံမှ လက်နက်တင်သွင်းမှုတွေကို အိန္ဒိယက အားထားနေရတုန်းဖြစ်ပါတယ်။အခုလို ရဟတ်ယာဉ်စက်ရုံအသစ် ထားရှိတာဟာ အိန္ဒိယအနေနဲ့ တခြားနိုင်ငံတွေအပေါ် အားထားမှီခိုနေရမှုကို တဖြည်းဖြည်းလျှော့ချသွားမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက ပြောကြားခဲ့ပါတယ်။

“ခေတ်မီ ချေမှုန်းရိုင်ဖယ်အဆင့်ကနေ တင့်ကားတွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကုန်စည်သယ်ဆောင်ရေးလေယာဉ်တွေအထိ လက်နက်မျိုးစုံနဲ့အတူ ကာကွယ်ရေးစနစ် ရာနဲ့ချီပြီး အိန္ဒိယမှာ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ကျနော်တို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” လို့ မိုဒီက ဆက်လက်ပြောကြားခဲ့ပါတယ်။