ဆုမတောင်းဘဲပြည့်သော ဆွမ်းလှူရကျိုး ငါးပါး

ဆွမ်း၊ခဲဖွယ်၊ဘောဇဉ်၊လှူဒါန်းပါက ဆုမတောင်းဘဲ
ရသော အကျိုးကျေးဇူး (၅)ပါးရှိသည်
၁။ အာယု – အသက်ရှည်ခြင်းအကျိုး
၂။ ဝဏ္ဏ – အဆင်းလှခြင်းအကျိုး
၃။ သုခ – ချမ်းသာကြီးခြင်းအကျိုး
၄။ ဗလ – ခွန်အားကြီးခြင်းအကျိုး
၅။ ပဋိဘာန- ဥာဏ်ပညာကြီးခြင်းအကျိုး
ဆုမတောင်းဘဲ ငါးပါးသော အကျိုးကိုရပါသည်။
အဘယ်ကြောင့်ဆွမ်းအကျိုးငါးပါး ဆုမတောင်းဘဲရသနည်းဟုမေးခဲ့ရင် ..?

  • ဆွမ်းမစားရဘဲ အသက်ရှည်အံ့သောငှာ
    မတတ်ကောင်းသောကြောင့် ဆွမ်းလှူသောသူသည်
    အသက်ကိုပေးလှူသည်မည်၏ ထိုသို့ အသက်ကို
    လှူသည်မည်သောကြောင့် ဆုမတောင်းဘဲ
    အသက်ရှည်ရပါသည်။
  • ဆွမ်းမစားရဘဲ အသွေးအသား အဆင်း အဝါ
    မလှပနိုင်သောကြောင့် ဆွမ်းလှူသောသူတို့သည်
    အဆင်းကိုပေးလှူသည်မည်၏ ထိုသို့ အဆင်းကို
    ပေးလှူသည်မည်သောကြောင့် ဆုမတောင်းပဲ
    အဆင်းလှရပါသည်။
  • ဆွမ်းကိုစားရမှ အိပ်ခြင်း၊ နေခြင်းစသော
    ဣရိယာပုတ်လေးပါး မျှတနိုင်သောကြောင့်
    ဆွမ်းလှူသောသူသည် ချမ်းသာကို လှူသည်မည်၏
    ထိုသို့ ချမ်းသာကို လှူသောကြောင့် ဆုမတောင်းဘဲ
    ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့်
    ပြည့်စုံရပါသည်။
  • ဆွမ်းမစားရဘဲ ထမ်းခြင်း၊ပိုးခြင်း၊သွားခြင်း၊
    စသောအမှုတို့ကို လုပ်ဆောင်ခြင်း၌ မစွမ်းနိုင်ပေ၊
    ဆွမ်းစားရမှ စွမ်းနိုင်သည်၊ ဆွမ်းလှူသောသူတို့သည်
    ခွန့်အားကိုလှူသည်မည်၏ ၊ ထိုသို့ ခွန်းအားကို
    လှူသောကြောင့် ဆုမတောင်းဘဲ ခွန်အားနှင့်
    ပြည့်စုံရပါသည်။
  • ဆွမ်းစားရမှ၊ စာသင်ခြင်း၊ စာအံခြင်း ၊
    သရဇ္စျာယ်ခြင်း၊ ကြံခြင်း၊ ပရိတ် မေတ္တာ ဘာဝနာ
    စီးဖြန်းခြင်း၌ စွမ်းနိုင်သည် ဖြစ်သောကြောင့် ၊
    ဆွမ်းလှူခြင်းသည် ပညာကို ပေးလှူသည်မည်၏
    ထိုသို့ ပညာကို လှူသောကြောင့် ဆုမတောင်းဘဲ
    ပညာကြီးခြင်းနှင့် ပြည့်စုံရပါသည်။