ဆင်းရဲခြင်း အစ💛💛💛💛💛💛

အခါတစ်ပါးမှာ
မြတ်စွာဘုရား နိဂုံးရွာကြီးမှာ
သီတင်းသုံးနေစဉ်
ဘဒြကရွာသူကြီးရောက်လာပြီး
အခုလိုလျှောက်ထားပါတယ်…

“အရှင်ဘုရား…
တပည့်တော်ကို
ဆင်းရဲဖြစ်ခြင်း၊
ဆင်းရဲချူ ပ်ခြင်းအကြောင်းကို
ဟောတော်မူပါဘုရား”တဲ့…

မြတ်စွာဘုရားက-
“ရွာသူကြီး…
ဟောဒီ ဥရုဝေလကပ္ပမှာ
တစ်စုံတစ်ယောက်
အသတ်ခံရမယ်၊
နှိပ်စက်ခံရမယ်ဆိုရင်
သင့်အတွက် ကိုယ်ဆင်းရဲခြင်း၊
စိတ်ဆင်းရဲခြင်းဖြစ်စေမဲ့
သင်နဲ့ စပ်ဟပ်တဲ့သူတွေရှိသလား?…

“တပည့်တော်နဲ့စပ်တဲ့သူတွေ
ရှိပါတယ်ဘုရား”…

“ရွာသူကြီး…
တစ်စုံတစ်ယောက်
အသတ်ခံရမယ်၊
နှိပ်စက်ခံရမယ်ဆိုရင်
သင့်အတွက် ကိုယ်ဆင်းရဲခြင်း၊
စိတ်ဆင်းရဲခြင်းကို မဖြစ်စေတဲ့
သင်နဲ့ မစပ်ဟပ်သူကောရှိသလား?…

“တပည့်တော်နဲ့
မစပ်ဟပ်သူလည်းရှိပါတယ်ဘုရား”…

“ဒါဆိုရင်
တစ်ချို့လူတွေ ဒုက္ခရောက်ရင်
သင်လည်း ဒုက္ခရောက်ရတယ်၊
တစ်ချို့လူတွေ ဒုက္ခရောက်ပေမဲ့
သင်ဒုက္ခ မရောက်ဘူးပေါ့၊
အဲဒါ ဘာကြောင့်လဲ?…

“အရှင်ဘုရား…
တစ်ချို့လူတွေကိုတော့
တပည့်တော်ချစ်ခင်တယ်၊
စွဲလန်းတယ်၊
ဒါကြောင့် သူတို့ ဆင်းရဲရင်
တပည့်တော်လည်း ဆင်းရဲတယ်”…

“တချို့ကိုတော့
တပည့်တော် မချစ်ခင်ဘူး၊
မစွဲလန်းဘူး၊
ဒါကြောင့် သူတို့ဆင်းရဲပေမဲ့
တပည့်တော်မဆင်းရဲပါ ဘုရား”…

“ရွာသူကြီး…
ထိုသို့ဆိုလျှင်
ဆင်းရဲဘာကြောင့်ဖြစ်တယ်ဆိုတာ
သင်ရသိပြီ”…

“အတိတ်မှာလည်း
လိုချင်တပ်မက်စွဲလန်းခြင်းကြောင့်
သင် ဆင်းရဲခဲ့ရပြီးပြီ၊
အနာဂတ်မှာလည်း
လိုချင်တပ်မက်စွဲလန်းခဲ့ရင်
သင် ဆင်းရဲရလိမ့်ဦးမည်၊
အမှန်အတိုင်း ဆင်ခြင်လော”