စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည်

ဇန်နဝါရီ ၂ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သော
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများအား
အသစ်သွန်းလောင်းထုတ်ဝေမည်ဖြစ်သည်။
အသစ်သွန်းလောင်းသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၆ ဒသမ ၀ မီလီမီတာ၊ အထူမှာ
၂ မီလီမီတာရှိ၍ ဒင်္ဂါး၏ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင် “၇၅ နှစ်မြောက်”
ဟု ဖော်ပြပါရှိပါသည်။
ဆင်ဖြူတော်၏အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာ
နိုင်ငံတော်ဗဟိုဘဏ်” “၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟုလည်းကောင်း ဖော်ပြထားပါသည်။ ရွှေဒင်္ဂါး၏
ကျောဘက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် “ 75” ၊ ပုံ၏အောက်
ဘက်တွင် “16.329 gm. 2023” ဟု လည်းကောင်း၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central
Bank of Myanmar” “75 Diamond Jubilee Independence Day” ဟု
လည်းကောင်း ဖော်ပြထားသည်။
အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၂ ဒသမ ၀ မီလီမီတာ၊ အထူမှာ
၁ ဒသမ ၅ မီလီမီတာရှိ၍ ဒင်္ဂါး၏ ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင်
“၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိသည်။ ဆင်ဖြူတော် ၏အောက်ခြေတွင် “၅ မူးသား ၂၀၂၃” ဟု လည်းကောင်း
ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟု
လည်းကောင်းဖော်ပြထားသည်။ ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး အင်္ဂလိပ်ဘာသာ
ဖြင့် ယာဘက်တွင် “75th” ၊ ပုံ၏ အောက်ဘက်တွင် “8.164gm.2023” ဟုလည်းကောင်း၊ ရွှေဒင်္ဂါး
ပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee
Independence Day” ဟုလည်းကောင်း ဖော်ပြထားသည်။ တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများ
ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏
မှန်ကန်ကြောင်းထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမည်ဖြစ်သည်။
တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ
(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် ဇန်နဝါရီလ ၅ ရက်နေ့မှစ၍ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။