စိတ်ဖိစီးမှုက ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သလို သေဆုံးနိုင်ခြေကိုလည်းမြင့်မားစေ

လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ စိတ်ဖိစီးမှုကို ခံစားကြဖူးမှာပါ။ ဒီလိုစိတ်ဖိစီးမှုကို ခံစားရတဲ့အချိန်တိုင်း စိတ်ဖိစီးမှုပြေလျော့အောင် အတတ်နိုင်ဆုံးကြိုးစား လုပ်ဆောင်သင့်ပါတယ်။

ဒီကနေ့လို အမျိုးမျိုးသောကင်ဆာရောဂါတွေ ဖြစ်ပွားလာနေတဲ့ အချိန်မျိုးမှာ စိတ်ဖိစီးမှုပြေလျော့အောင် ပိုလို့တောင်မှ လုပ်ဆောင်ရမှာပါ။

အကြောင်းရင်းကတော့ စိတ်ဖိစီးမှုကြောင့် ကင်ဆာရောဂါဖြင့်သေဆုံးနိုင်ခြေ ပိုမိုမြင့်မားတယ်ဆိုတာကို သုတေသီများက လေ့လာဖော်ထုတ်သိရှိထားလို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က ပြင်ပကနေ စိတ်ဖိစီးမှု ခံစားရပြီဆိုရင်  စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဆောဟော်မုန်းကို ထုတ်လွှတ်ပါတယ်။

စိတ်ဖိစီးမှု ပြေလျော့သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ကော်တီဆောဟော်မုန်းပမာဏ ထွက်ရှိမှုကလည်း ပုံမှန်အခြေအနေအထိကို လျော့ကျသွားသင့်ပါတယ်။

ဒါပေမဲ့ စိတ်ဖိစီးမှုကို နာတာရှည်ရောဂါတစ်ခုလိုမျိုး  ခံစားနေရမယ်ဆိုရင်တော့ ကော်တီဆောဟော်မုန်းက သူ့ရဲ့ မူလအနေအထားအထိကို ဘယ်တော့မှကျသွားတော့မှာ မဟုတ်ပါဘူး။

ဒီလိုကော်တီဆောဟော်မုန်းများစွာ ထွက်ရှိမှုက ခန္ဓာကိုယ်ရဲ့ ပျက်စီးယိုယွင်းမှု အခြေအနေကို ပိုမိုဆိုးဝါးစေပြီး စိတ်ဖိစီးမှု ခံစားနေရသူမှာသာ ကင်ဆာရောဂါရှိနေမယ်ဆိုရင်  အဲဒီသူဟာဆိုးဝါးလှတဲ့ ကင်ဆာရောဂါကို ခံစားရတဲ့အတွက် သေဆုံးနိုင်ခြေ မြင့်မားမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီအချက်ကိုလေ့လာတွေ့ရှိသူများကတော့ အမေရိကန် အမျိုးသားကျန်းမာရေးနဲ့ အာဟာရလေ့လာရေးဌာနမှ သုတေသီများပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ ကိုယ်ခံအားစနစ်ဆိုတာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပြင်ပမှကူးစက်ရောဂါတွေမဝင်နိုင်အောင် ကာကွယ်ပေးသလို ကင်ဆာကဲ့သို့သောရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပြန်ပါတယ်။

ကိုယ်ခံအားစနစ်က အားနည်းချို့တဲ့သွားတဲ့အခါ အမျိုးမျိုးသောကင်ဆာရောဂါများဖြစ်ပွားနိုင်ခြေကို အဆုံးထိ တိုးမြှင့်ပေးလိုက်သလိုမျိုး ဖြစ်သွားပါတယ်။

နောက်တစ်ချက်က စိတ်ဖိစီးခြင်းဟာ ကိုယ်တွင်းမှာ ရှိတဲ့တချို့ဟော်မုန်းပမာဏတွေကို ပြောင်းလဲစေနိုင်ပါသေးတယ်။  ဒီလိုပြောင်းလဲမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း    ပိုမိုမြင့်တက်လာစေပါတယ်။

ဒါတင်မကသေးပါဘူး။ စိတ်ဖိစီးမှုဖြစ်ပွားခြင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံများကိုလည်း ဖြစ်ပေါ်စေပြန်ပါတယ်။

ဥပမာအားဖြင့် အစားအသောက်အလွန်အကျွံစားသောက်တာ၊ ဆေးလိပ်သောက်တာ၊ အရက်ကို အလွန်အကျွံသောက်တာတို့ ဖြစ်ပါတယ်။ ဒီလိုနေထိုင်မှုပုံစံများအားလုံးက ကင်ဆာရောဂါဖြစ်ပွားမှုကို အားပေးအားမြှောက်ပြုနေပြန်ပါသေးတယ်။

အမေရိကန်နိုင်ငံမှာ ကင်ဆာရောဂါဆိုတာ  လူသေဆုံးမှုကိုဖြစ်စေတဲ့ ဒုတိယမြောက် အကြောင်းရင်းကြီးတစ်ခုအဖြစ် တည်ရှိနေပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာဆိုရင် ကင်ဆာရောဂါဖြစ်ပွားသူ ၁ ဒသမ ၉ သန်းခန့်ရှိပြီး ကင်ဆာရောဂါကြောင့်  သေဆုံးသူက ၆၀၉၀၀၀ နီးပါးရှိတာကိုတွေ့ရပါတယ်။

ဒါကြောင့် ကျန်းမာရေးရှုထောင့်ကနေ အကြံပေးရရင် ကင်ဆာရောဂါဖြစ်ပွားမှုကို ရှောင်ရှားလိုတယ်၊ မရှောင်ရှားနိုင်လို့ ကင်ဆာရောဂါဖြစ်တဲ့အခါ ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ကျဆင်းစေလိုတယ် ဆိုရင်တော့ စိတ်ဖိစီးမခံဘဲ   ပျော်ရွှင်စွာနေထိုင်ပါမှ ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်ရမှာပါလို့ အကြံပြုအပ်ပါတယ်ရှင်။   

crd;mwd