စစ်သားစိတ်


မြစ်ကြီးနားရဲ့ ဒီဇင်ဘာဆောင်းက မြူဆိုင်းရုံတင်မက နှင်းစက်များ ကျဲပက်တဲ့အထိကို တာဝန်ကျေပေးနေတယ်။ ဒီဆောင်းက ပိုအေးလာတယ်လို့ တောင်ထင်မိတယ်။ မလိခရိပ်သာဘေးက ဖြတ်စီးနေတဲ့ ဧရာဝတီကြီးကတော့ အငွေ့ပျံနေတဲ့ ရေပြင်ကိုသယ်ဆောင်ရင်း ပုံမှန်စီးဆင်းနေလေရဲ့။ ရေခဲ တောင်တွေ ပြိုတဲ့အချိန်မဟုတ်လို့ ဧရာဝတီရေပြင်ဟာ ထင်သလောက်တော့ မအေးလှပါဘူး။ ကျွန်တော် မလိခရိပ်သာမှာရောက်နေတာ တစ်လတောင်ကျော်နေပြီ။ အမှုအစစ်ဆေးခံဖို့ပါ။ ကျွန်တော်ဒုတပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ်က ဖြစ်ခဲ့တဲ့ အမှုပေါ့။ တပ်ရင်းမှူး စစ်ဦးစီးတက္ကသိုလ် တက်ရောက်ချိန်မှာ ကျွန်တော်က ခေတ္တတပ်ရင်းမှူးတာဝန်ယူရပါတယ်။ တပ်ပိုင်ယာဉ်နဲ့ ထယ်လုံးစိမ်းကုမ္ပဏီက ကျောက်စိမ်းကို မန္တလေးဖက် သယ်ပေးတဲ့ ကိစ္စပါ။ ထယ်လုံးစိမ်းကုမ္ပဏီ ပြဿနာဖြစ်တော့ တပ်ကကားနဲ့ တစ်ခေါက်သယ်ပို့ ကြောင်း စာရင်းမှာပေါ်နေပြီး အစစ်ဆေးခံရတာပေါ့။ ကိုယ်တိုင်မသိလိုက်ရတဲ့ အကြောင်းအရာတစ်ခုဆိုပေမဲ့ ခေတ္တတပ်ရင်းမှူးဆိုတဲ့ တာဝန်ကြီးက ခေါင်းရှောင်လွှဲလို့မှမရတာ။ ” တပ်ကကား တပ်ပြင်ထွက်သွားတာ မင်းမသိ ဘူးလား”ဆိုတာနဲ့တင် တာဝန်ရှိနေပြီလေ။ အမှုက၂နှစ် ကျော်ကြာမှ ပြန်ဖြစ်လာရတာ။ ဒီနေရာမှာ တိုင်းမှူးကြီး ကျွန်တော့်အပေါ်ထားတဲ့ စေတနာကို တွေ့လိုက် ရပြန်ပါတယ်။ ယာယီတပ်ရင်းမှူးအစမ်းခန့် တစ်နှစ်ကာလအတွင်း အမှုဖြစ် ပြီး တရားရုံးအစစ်ခံရပါက ယာယီတပ်ရင်းမှူးတာဝန်ကို ပြန်အပ်ရပါတယ်။ ဗိုလ်မှူးအဆင့်နဲ့ အစစ်ခံရရင် ဒုဗိုလ်မှူးကြီးဖြစ်ဖို့ အခွင့်အလမ်း နည်းနိုင် တယ်။ ဒါကြောင့် ကျွန်တော် ဒုဗိုလ်မှူးကြီးအပွင့်တင်ပြီးတဲ့အထိ အမှုတွဲကို မစစ်သေးဘဲ အချိန်ဆွဲပေးထားသူက တိုင်းမှူးကြီးဆိုတာ နောက်မှ ပြန်သိ လိုက်ရပါတယ်။ တစ်ဆစ်ချိုးပြောင်းသွားနိုင်တဲ့ ဘဝကို လမ်းကြောင်းတည့် အောင်ဆွဲ ခေါ်သွားပေးတဲ့ ကျေးဇူးရှင်ကြီးကို ရှိခိုးဦးတင်မိပါတယ်။ တပ်ရင်းရှေ့တန်းပြန်ထွက်ချိန်မှာ ကျွန်တော်နဲ့အကူရဲဘော်တို့ အမှုအစစ် ခံဖို့ တိုင်းမှာတွဲနေခဲ့ရပါတယ်။ အမှုစစ်ပြီးတဲ့အထိ ရှေ့တန်းကိုမလိုက်ရသေး ဘဲ တိုင်းမှာပဲ တွဲထားပါတယ်။ အမှုရဲ့ရလာဒ်ကတော့ စစ်မှုထမ်းသက်၂နှစ် လျော့ချဒဏ်ပါပဲ။ တာဝန်ရှိမှုလောက်နဲ့ ပေးလိုက်ရတဲ့ ပြစ်ဒဏ်က ကြီးနေလို့ စောဒကတက်ကြည့်တော့ ထောင်မကျတာ ကံ ကောင်းတဲ့လေ။ ကမ်းနား သစ်ပင်တွေဆိုတော့ အောက်ခြေက ခပ်ယိုင်ယိုင်ရယ်။ ” တပ်ရင်းမှူး… ဂျီဝမ်းကြီးဆီက ဖုန်းလာပါတယ်ခင်ဗျ” ရိပ်သာတပ်ကြပ်ကြီး လာသတင်းပို့လို့ အတွေးတွေဖြတ်ပြီး တယ်လီဖုန်း ရှိရာကို လာခဲ့လိုက်တယ်။ ” အမိန့်ရှိပါ… အကိုကြီး” ” အေး…အခုချက်ချင်း ရုံးကိုလာခဲ့၊ အရပ်ဝတ်ဘောင်းဘီနဲ့လာ၊ နွေးနွေးထွေးထွေးဝတ်ခဲ့ပြီး ပစ္စတိုကျည်ကတ်အပိုပါ ယူခဲ့ကွာ… ဒါပဲ” ” ဟုတ်ကဲ့” ဟုတ်ကဲ့လို့သာ ပြောလိုက်ရတယ် ဘာလုပ်ဖို့ပါလိမ့် ဆိုတဲ့အတွေးက ဦးနှောက်ထဲမှာ တက်ချည်ဆင်းချည်နဲ့။ လက်ကနာရီကိုကြည့်လိုက်တော့ ညနေ၆နာရီထိုးတော့မယ်။ ရက်စွဲကို အမှတ်တမဲ့ ကြည့်မိလိုက်တော့မှ အသိတစ်ချက် လက်ခနဲဖြစ်သွားတယ်။ ၁၉၉၉ခုနှစ် ဒီဇင်ဘာလ ၃၁ရက်။ ဒီည၁၂နာရီ ကျော်ပြီဆိုတာနဲ့ သက္ကရာဇ်၂၀၀၀ကိုကူးပြီ။ ၂၀ရာစုက ၂၁ရာစုကို ကူး ပြောင်းမှာဖြစ်လို့ ရာစုနှစ်တစ်ခု အပြောင်းအလဲဖြစ်မယ့် ထူးခြားတဲ့အချိန်အခါတစ်ခုပါ။ ၁၉နဲ့စတဲ့ ခုနှစ်တွေကနေ ၂၀နဲ့စတဲ့ ခုနှစ်တွေ ကို ကူးပြောင်းလာရင် Y2K ပြဿနာ ကွန်ပျူတာမှတ်ဥာဏ်များ အပြောင်း အလဲတွေ ဖြစ်လာမယ့် ကောလာဟလတွေအပေါ် စိတ်ဝင်စားနေသူများက လည်း ရင်တထိတ်ထိတ်နဲ့။ နှစ်တစ်ရာမှ တစ်ခါဆုံရမယ့် ထူးခြားတဲ့နေ့ရက်မှာ ခရစ်ယန်ဘာသာဝင် တွေက ဂျော်ဘွမ်တောင်ပေါ်မှာ ဆုတောင်းပွဲလုပ်နေပါတယ်။ မြန်မာပြည်အနှံ့ က ဘာသာဝင်တွေအားလုံးတက်ရောက်ကြပြီး ပွဲလမ်းသဘင်များ၊ ဈေးအရောင်းဆိုင်များနဲ့ဆိုတော့ အနီးအနားရွာများက ရွာလုံးကျွတ်ကို သွားနေကြတဲ့အချိန်ပေါ့။ ဒါဆို… ကျွန်တော်တို့ ဂျော်ဘွမ်ပွဲကို သွားကြလိမ့်မယ်ထင်တယ်။ ဂျင်းဘောင်းဘီ လယ်သာဂျာကင် ပစ္စတိုချိုင်းစလွယ် အနွေးခေါင်းစွတ်နဲ့ ဝပ်ကင်းရှူးကို ဝတ်လိုက်တော့လည်း ဂိုဏ်းစတားလိုလို ရော့ကာကြီးလိုလို ဟုတ်နေတာပဲ။ လိုရမယ်ရ ပိုက်ဆံပါ ပိုပိုသာသာထည့်ခဲ့ပြီး ဂျီဝမ်းကြီးရှိရာ တိုင်းရုံးကိုထွက်ခဲ့ပါတော့တယ်။


   ဂျီဝမ်းကြီးရုံးခန်းကိုရောက်တော့ ဂျီသရီးဗိုလ်ကြီးတစ်ယောက်ရယ် တပ်ထိန်းက ဗိုလ်အဆင့်ရှိ အရာရှိတစ်ယောက်ရယ် မြေပုံတင်တဲ့ရဲဘော် ရယ်ကို တွေ့လိုက်ရတယ်။

   " လာ... မြေပုံခန်းကိုလိုက်ခဲ့"

   မြေပုံခန်းထဲရောက်တော့ မြေပုံပေါ်က တစ်နေရာကို ထောက်ပြပြီး ...

   " အောင်မြေ၂ရွာ ဘုန်းကြီးက တိုင်းမှူးဆီ ဖုန်းဆက်တယ်။ ဒီည... ကျွန်းသစ်တွေ ကားနဲ့ခိုးထုတ်မယ်တဲ့"


အောင်မြေ၂ရွာဆိုတာက ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်ဖက်အ ခြမ်းမှာရှိတယ်။ ဝိုင်းမော် ခတ်ချို အောင်မြေ၁ အောင်မြေ၂ ရွှေညောင်ပင်ဆို တာက မြစ်ကြီနား ဗန်းမော် ကားလမ်းဘေးမှာရှိတယ်။ အောင်မြေ၂ရွာနဲ့ တိုင်းမှူးအိမ်က ဧရာဝတီမြစ် ဟိုဖက်ကမ်း ဒီဖက်ကမ်း။ ဧရာဝတီမြစ်ကူး တံတား ဗလမင်းထင်ကြီးက ဆောက်ပြီးခါစ။ ဒီအချိန်အထိ ကျွန်တော်ဘာ လုပ်ရမယ်ဆိုတာ မသိသေး။

   " အဲ့ဒါ... မင်းဦးစီးပြီး သွားဖမ်းရမယ်"

   " ဗျာ"

   ဆင်ဘို တာလောကြီးဖက်က ကျွန်းသစ်တွေကို ဧရာဝတီမြစ်အတိုင်း ဆန်တက်ပြီး ခတ်ချိုဖက်ကမ်းမှာပုံ၊ ကားတွေနဲ့ညဖက်တင်၊ ပြီးရင်လိုင်ဇာ ကိုမောင်းပြီး တရုတ်ပြည်ပို့နေတာကိုတော့ ကြားဖူးနေတယ်။

   " ဘယ်အချိန်လောက် သယ်မယ်လို့ပြောလဲခင်ဗျ"

   " ည၉နာရီလောက်ဆို သူ့ဘုန်းကြီးကျောင်းရှေ့က ဖြတ်နိုင်တယ်တဲ့၊ မင်းတို့ခုပဲသွားကြ တော့"

   အချိန်ကိုကြည့်တော့ ည၇နာရီကျော်နေပြီ။

   " ဟင်... ကျွန်တော်က ဘယ်တပ်နဲ့ သွားရမှာလဲ"

   " ဘယ်တပ်နဲ့မှမဟုတ်ဘူး၊ သူတို့နဲ့သွားရမှာ"

   ဂျီဝမ်း ဗိုလ်မှူးကြီးခိုင်စိုးပြောလိုက်မှ သူတို့ဆိုတာကို သေချာစွာကြည့်မိ လိုက်တယ်။ဂျီသရီး(G3)ဗိုလ်ကြီးအောင်ကြည်လင်း(ဗိုလ်မှူးကြီး..ဗိုလ်ရွေးအဖွဲ့)၊ တပ်ထိန်းက ဗိုလ်ညွန့်ဝင်းဆွေ(တိုင်းမှူး.. ရန်ကုန်တိုင်း)နဲ့ မြေပုံတင် ရဲဘော်လေးတို့ ကျွန်တော့်လိုပဲ ဝတ်စား ထားတာကိုတွေ့ရတယ်။ ဒီစစ်သည်တော်သုံးသိန်းနဲ့ ဖြစ်မှ ဖြစ်ပါ့မလား။

   " အင်အားလိုရင် ဗလမင်းထင်တံတားက ရဲတစ်ယောက်ထပ်ခေါ်သွား၊ ရုံးအောက်မှာ ဗင်ကားတစ်စီး စီစဉ်ပေးထားတယ်၊ ကဲ.. အချိန်မီမြန်မြန်သွား ကြတော့"

   ပြန်မေးချိန်မရလောက်အောင် အမြန်သွားခိုင်းနေတော့ အိုင်ကွန်လှိုင်း နှုန်းများညှိပြီး တိုင်းရုံးကထွက်ခဲ့ကြတယ်။ လက်နက်ဆိုလို့ အရာရှိသုံး ယောက်ဆီမှာ ပစ္စတိုတစ်လက်စီ၊ မြေပုံတင်ရဲဘော်ဆီမှာ ဘီအေ၆၃ မောင်းပြန်ရိုင်ဖယ်( ဂျီသရီး)တစ်လက် ကျည်ကတ်၄ခုသာ ပါပြီး ဗင်ကားသမားလေးကလည်း တက်တက်ကြွကြွနဲ့ ဝက်အူလှည့်ကြီးကိုင်ပြီး လိုရင်သူ့ ကိုပါခေါ်ဖို့ပြောနေတယ်။

   ဗလမင်းထင်တံတားရောက်ပြီး စတင်းဂန်းနဲ့ ရဲတစ်ယောက် အင်အား ထပ်ဖြည့်လိုက် တော့ ကားသမားအပါအဝင် ကျွန်တော်တို့၆ယောက်ဟာ အောင်မြေ၂ရွာဆီကို ဦးတည်ပြီး အမြန်မောင်းနှင်လာခဲ့ကြပါတယ်။

   ရွာရောက်တော့ လူတစ်ယောက်မှမတွေ့။ လမ်းဘေးက ဈေးဆိုင်လေး တစ်ဆိုင်ပဲ မီး ခွက်ထွန်းထားတယ်။ အခြေအနေမထူးလို့ကတော့ သတင်းပေး တဲ့ ဘုန်းကြီးဆီပြေးရတော့မှာပဲ။ အရေးထဲ ဗိုလ်ညွန့်ဝင်းဆွေက အဖျား တက်နေပြီး ဆေးသောက်ဖို့လိုလာတာနဲ့ လမ်း ဘေးကဆိုင်လေးကိုပဲ ဦးတည်ဝင်လိုက်ကြတယ်။

   " အနူး.. ရွာကလူတွေလည်း မတွေ့ပါလား"

   " ဂျော်ဘွမ်ပွဲသွားကြတယ်လေ... အနူးကနေမကောင်းလို့ နေခဲ့တာ"

   ခေါက်ဆွဲတစ်ယောက်တစ်ပွဲစီနဲ့ ကော်ဖီမစ်ပါ ဖျော်ခိုင်းလိုက်ပြီး အနူးဆိုင်ကို အားပေးလိုက်ကြတယ်။ ခေါက်ဆွဲစားပြီးချိန်မှာ အနူးကိုမေး ကြည့်လိုက်တယ်။ သတင်းတစ်ခုရလည်း မနည်းဘူးမဟုတ်လား။

   " ဒါနဲ့...သစ်တင်တဲ့ကားကြီးတွေ ဒီကဖြတ်သွားတာ တွေ့ဖူးလား  အနူး"

   " တွေ့ဖူးတယ်လေ၊ ဒီနေ့တော့ မဖြတ်သေးဘူး"

   သတင်းစတော့ရပြီ။ ဘယ်လိုတွေဖြတ်သွားကြသလဲလို့ မေးမလို့ရှိသေး ကားအပြာကြီးတစ်စီးဟာ တာလပတ်တွေ အုပ်ထားပြီး ကျွန်တော်တို့နောက် ဖက်က ဖြတ်မောင်းသွားပါတော့တယ်။ ရုတ်တရက် လှမ်းကြည့်လိုက်တော့ လေယာဉ်ကွင်းဆောက်လုပ်ရေးမှာသုံး နေတဲ့ ကားလို့ထင်လိုက်တယ်။ အဲ့ဒီအချိန် အနူးရဲ့စကားကြောင့် ကားပေါ်အမြန် ပြေးတက်ခဲ့ကြတယ်။ အနူးကိုတောင် နှုတ်မဆက်ခဲ့ရဘူး။

   "သစ်သယ်တဲ့ကားတွေကအဲ့ဒီ့ကားတွေပဲလေ၊အရင်ဆိုအတန်းလိုက်

လာကြတာ၊ ခု တော့တစ်စီးထဲ”

   ကျွန်တော်တို့ဗင်ကားလေးက ရှေ့ကကားပြာကြီးကိုမှီအောင် လိုက်မောင်းနေတယ်။ ကားဆရာ ကိုတက်ကြွကလည်း အားပါလွန်းတာ ကြောင့် မကြာခင်မှာ ကားပြာကြီးကို ကျော်တက်ပြီး လမ်းမှာကန့်လန့်ထိုး ရပ်လိုက်တယ်။ ကားပြာကြီးလည်း ရပ်သွားတယ်။ မြေပုံတင်နဲ့ရဲလေးကို ကားရှေ့ခေါင်းဖက် သေနတ်နဲ့ချိန်ခိုင်းလိုက်တယ်။ ကားခေါင်းထဲမှာကား သမားနဲ့ အကူတစ်ယောက်ပဲပါတယ်။ကားသော့ကို သိမ်းလိုက်ပြီး ကားနောက်ဖက်ကို ပတ်ကြည့်လိုက်တော့ တာလပတ်လွတ်နေတဲ့ နေရာကနေ ကျွန်းတုံးတွေကို တွေ့လိုက်ရတယ်။

   ဇလီဖားတုံးပုံစံ သစ်လုံးကို ပါးခြမ်းပုတ်ထားတဲ့ ကျွန်းတုံးတွေကို ကားနဲ့ခိုးထုတ်နေတာ သေချာသွားပြီ။ ဘုန်းကြီးပေးတဲ့သတင်းမှန်သားပဲ။ ကျွန်တော်လည်း ရင်ထဲပေါ့သွားတယ်။ တိုင်းမှူးခိုင်းတဲ့အလုပ်ကို အကောင်အထည် ဖေါ်ပေးလိုက်နိုင်ပြီ ဆိုပြီးတော့လေ။ ဒါပေမဲ့ ခဏတာ အတွင်း ရင်ကိုပြန်ပြီး လေးစေပြန်ပါတယ်။

   ကားရှေ့ကိုပြန်ရောက်ပြီး သတင်းဆက်ကို မေးမယ်ဆိုမှ ကားသမားရော အဖေါ်စပယ်ရာပါ မြန်မာစကားလုံးဝမတတ်တဲ့ တရုတ်ပြည်က တရုတ်စစ်စစ် ကြီးတွေ ဖြစ်နေကြတယ်။ သူတို့ပိုက်ဆံအိပ်ထဲမှာ တရုတ်မှတ်ပုံတင်နဲ့ တရုတ်ငွေစက္ကူတွေပဲ တွေ့ရတယ်။ တရုတ် ပြည်နယ်စပ်ကနေ တောက်လျောက်ဝင်လာတဲ့ပုံပဲ။ သေနတ်တွေ မပါပေမဲ့ ဓားရှည်တစ်ချောင်း တော့ ကားခေါင်းထဲ ထောင်ထားတာ တွေ့ရတယ်။ ဓားကိုယူပြီး မခုတ်လိုက် တာ တော်သေး။


” တပ်ရင်းမှူး… ကားသမားလေးက တရုတ်စကားတတ်တယ်တဲ့”

   ဗိုလ်ကြီးအောင်ကြည်လင်းကပြောပြီး ကားရှေ့ခေါ်လာတယ်။

   " အတော်ပဲ... ဘာသာပြန်ပေးစမ်းပါဦးကွာ"

   တရုတ်တွေဆီက ရတဲ့သတင်းအရ သူတို့အဖွဲ့တွေ နောက်မှာကျန်နေ သေးကြောင်း၊ သူ့ ကားကရှေ့ဆုံးက ထွက်လာတာဖြစ်ကြောင်း ၊ သူတို့ကို ဓားပြတိုက်နေတယ်လို့ထင်မိ ကြောင်း သိလိုက်ရတယ်။ ဖမ်းမိထားတဲ့ကားကို နီးစပ်ရာတပ်မှာ အပ်ထားခဲ့ပြီး သစ်ကား ပြာကြီးရဲ့ ဘီးရာအတိုင်း ကျွန်တော်တို့ ဗင်ကားလေးဟာ ဧရာဝတီမြစ်ကြီး ရှိရာဖက်ဆီကို ကဆုန်ပေါက်ပြေးလွှားခဲ့ပါတော့တယ်။

   လား... လား...။
   ကိုယ့်မျက်စိတောင် ကိုယ်မယုံချင်မိ။
   ဧရာဝတီမြစ်ဘေး သဲသောင်ပြင်မှာ မီးထိုးပြီးမောင်းလာတဲ့ ကားတန်း ကြီးဟာ ဘယ် လောက်များ များသလဲဆိုရင် မျက်စိတစ်ဆုံးကြည့်တာတောင် မကုန်ချင်သေးဘူး။ ဒါတွေ အားလုံး သစ်ကားတွေပေါ့။ ဒါဆိုဘယ်လို ဖမ်းရမလဲ။ ကျွန်တော်တို့က၆ယောက်ထဲ၊ နောက် ပြီးလက်နက်ဆိုလို့ ပစ္စတိုသုံးလက်၊ ဘီအေ၆၃တစ်လက်၊စတင်းတစ်လက်နဲ့ ဖြစ်ပါ့မလား။ လူအုပ်နဲ့ ဝိုင်းရင်တောင် မလွယ်လှဘူး။

   တာဝန်ဟာ တာဝန်ပဲမို့ စတင်လှုပ်ရှားရပါတော့တယ်။ ပထမဦးဆုံး ဝင်လာတဲ့ကားကို စတားပြီး ကားပေါ်ကလူတွေကို အောက်ကိုဆင်းခိုင်း လိုက်တယ်။ ဒီနေရာမှာ သဘာဝတရားကြီးက လက်ဆောင်အဖြစ်ပေးလိုက် တဲ့ အရာတစ်ခုဟာ ကျွန်တော်တို့အတွက် တန်ဖိုး ဖြတ်လို့ မရနိုင်အောင် ဖြစ်ခဲ့ရတယ်။ ရပ်ခိုင်းထားတဲ့ ကားရဲ့နဘေးမှာ ရေတိုက်စားထားလို့ ဖြစ်ပေါ် နေတဲ့ ကျင်းချိုင့်ကြီးတစ်ခုရှိနေတာက ခုနကပြောတဲ့ သဘာဝလက်ဆောင် ကြီးပါပဲ။ အဲ့ဒီ့ကျင်းချိုင့်ထဲမှာ လူတွေကို ခေါင်းငုံ့ထိုင်ခိုင်းထားပြီး ကျင်းအပေါ်က သေနတ်၂လက်နဲ့ ကင်းချထားလိုက်တယ်။

   ကားတွေက မြစ်ကမ်းနဘေး သောင်ခုံပေါ်မှာ လမ်းထွင်ပြီး မောင်းနေရ တာမို့ တစ်စီးနဲ့ တစ်စီးခွာပြီး ခပ်ဝေးဝေးက မောင်းနေကြတယ်။ အဲ့ဒါလည်း ကံတရားကပေးတဲ့ လက် ဆောင်ပါပဲ။ တစ်စီးချင်း စောင့်ဖမ်းယုံပေါ့။ ရောက်လာတာနဲ့ ကားကိုရပ်၊ ကားသော့သိမ်း၊ ကားပေါ်ကလူတွေ ကျင်းထဲမှာ ခေါင်းငုံ့ထိုင်ခိုင်းထားပြီး ကင်းနဲ့ထိမ်းထားလိုက်ရတော့တယ်။

   လက်ကနာရီကိုကြည့်လိုက်တော့ ည၁၁နာရီထိုးနေပြီ။ နောက်တစ်နာရီ ဆို ရာစုနှစ်တစ်ခုကို ပြောင်းတော့မယ်။ မြို့တွေမှာဆိုရင် Happy New Year ဆိုပြီး အော်ကြပေမပေါ့။ ပေါက်ကရအတွေးတစ်ခုက ခေါင်းထဲဝင်လာတယ်။ ကျွန်တော်တို့လည်း ဖမ်းထားတဲ့လူ တွေနဲအတူ အချိန်ရောက်တာနဲ့  Count Down မှတ်ပြီး Happy New Yearလို့ အားရပါးရ အော်လိုက်ကြရင် ကောင်းမလားလို့။ သက္ကရာဇ်၂၀၀၀ကို ကြိုနေပုံက အဆန်းကြီးနော်။

   စုစုပေါင်း သစ်တင်ထားတဲ့ တရုတ်ပြည်က ကား၅၆စီး၊ ကားတစ်စီး လူနှစ်ယောက်နှုန်းမို့ လူ၁၁၂ယောက် ဖမ်းမိပါတယ်။ လူ၁၁၂ယောက်လုံးက တရုတ်လူမျိုးတွေချည်းပဲ။ ဒေသခံ လမ်းပြတစ်ယောက် ဒီတီဆိုင်ကယ်နဲ့ လာတာ တွေ့လိုက်ပေမဲ့ ကိုလူလယ်က ဆိုင်ကယ် ထားပြီး လူလွတ်ထွက်ပြေး သွားတယ်။ ဖမ်းဆီရမိ ဆိုင်ကယ်တစ်စီး ထပ်တိုးသွားပြန်တယ်။

   တရုတ်စကားတတ်တဲ့ ကားသမားလေးကြောင့် အသံနဲ့ခြိမ်းခြောက်လို့ ရသလို လူရှိန် အောင် သေနတ်သံပေးပြီး ဖမ်းထားတဲ့သူတွေ ခေါင်းမော့ မကြည့်ရဲအောင် လှည့်စားနေရတယ်။ နိုင်ငံခြားသား တရုတ်တွေဖြစ်နေ တာလဲ ကျွန်တော်တို့ရဲ့ အားသာချက်တစ်ခုလို့ထင်တယ်။ သူတို့တွေက နယ်မြေမကျွမ်းဘူးလေ။ ကျွန်တော်တို့ အမျိုးတွေသာ ပါလာလို့က တော့ ဒီလိုဘယ်ထိန်းလို့ ရပါ့မလဲ။ ကံကောင်းလို့။

   အခြေအနေကို ဂျီဝမ်းကြီးဆီ အပြည့်အစုံ သတင်းပို့လိုက်တယ်။ လုံလောက်တဲ့ လုံခြုံ ရေးတွေ အမြန်လွှတ်ပေးဖို့လည်း ပြောလိုက်ပါတယ်။ ဘယ်လောက်ပဲ မြန်အောင်စီစဉ်ပြီး လာစေဦးတော့ မိုးလင်းမှပဲ ရောက်မယ်ဆို တာ ကြိုတွက်ထားမိတယ်။ ဒီညကိုတော့ ဖမ်းထားတဲ့ လူတွေ ကားတွေ ဘာပြဿနာမှမရှိအောင် ထိန်းထားရင်း နှစ်သစ်ကိုကြိုကြမယ်လို့ သာ ဆုံးဖြတ်ထားလိုက်ပါတော့တယ်။

   အလင်းရောင်ရောက်ချိန် လုံခြုံရေးတပ်တွေ ရောက်လာလို့ စနစ်တကျလွှဲပေးပြီးတဲ့အချိန်မှာ ကျွန်တော်တို့တာဝန် ပြီးဆုံးသွားပါတယ်။ တပ်ရင်းလည်း သစ်ဖမ်းလို့ရတဲ့ အမှတ် တွေကြောင့် လေးလပတ်အဆင့် ကောင်းသွားပါတယ်။ တိုင်းမှူးကြီးကတော့ သူခိုင်းတဲ့အတိုင်း အောင်မြင် အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့အဖွဲ့ကို ငွေသား၁၀သိန်း ဆုချ ပေးလိုက်တာကလည်း ကျွန်တော်နဲ့တိုင်းမှူးတို့ရဲ့ အမှတ်တရများထဲက တစ်ခုပါပဲလေ။

စစ်သားတွေ၊ စစ်သည်မိသားစုရဲမေတွေအားလုံး တိုင်းမှူးကြီးကို ချစ်ကြတယ်။ သက် သာချောင်ချိရေးတွေ လုပ်ပေးလို့ ချစ်တာလားဆိုတော့ မဟုတ်ဘူး။ တိုင်းမှူးကြီးရဲ့ ကိုယ်ချင်းစာနာစိတ်ကြောင့် မေတ္တာရောင်ပြန် ဟပ်တာ။ လူဆိုတာ ကိုယ့်ကိုအသိအမှတ်ပြုရင် ကြိုက်ကြတာပဲ။ တိုင်းမှူးအဆင့်ရှိတဲ့သူက တပ်သားအဆင့် ရဲဘော်လေးတွေကို အရေးတယူ ဆက်ဆံလို့ကတော့ အဲ့ဒီ့ရဲဘော်လေး ကြက်သီးတွေထလောက်အောင် ကြည်နူးကျေနပ်သွားမှာပါ။ ဒါတွေကို တိုင်းမှူးကသိတယ်လေ။ ဒီတော့လည်း ချစ်ကြပေမပေါ့။

တိုင်းမှူးကြီးကို စစ်တပ်အသိုင်းအဝိုင်းကပဲ ချစ်ကြတာတင်မကဘူး ကချင်ပြည်နယ်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အားလုံးလည်း ချစ်ကြတာ ကို တွေ့ရတယ်။ အဲ့ဒီ့ကာလတုန်းက နယ်ဘက်ဌာနဆိုင်ရာတွေကို တိုင်းမှူးတွေက ကွပ်ကဲနေရတဲ့အချိန်ပါ။

   မြို့နယ်ခန်းမကြီးမှာ အစည်းအဝေးလုပ်ဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ စုဝေးရောက်ရှိ နေကြတယ်။ အစည်းအဝေးက ၁၀နာရီစမှာဆိုတော့ ၉နာရီ လောက်ကစပြီး တဖွဲဖွဲရောက်လာကြပါတယ်။ မြို့နယ်အစုံက လာကြတာ ဆိုတော့ ခွဲခွာနေကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ပြန်တွေ့ကြပြီး စကားတွေအများကြီး ပြောဖြစ်နေကြတယ်။

   ၁၀နာရီထိုးခါနီးတော့ နေရာယူကြပြီး တိုင်းမှူးကိုစောင့်နေကြတယ်။ ဦးစီးအရာရှိတစ် ယောက်က တိုင်းမှူးကြီး အစည်းအဝေးတစ်ခုမှာ တက်ရောက်နေပြီး မပြီးသေးလို့ သည်းခံပြီးစောင့်ပေးကြဖို့ လာပြောပါတယ်။ ဘယ်အချိန်ရောက်မယ်မှန်း မသိလို့ အစည်းအဝေးနေရာကပဲ စောင့်ဖို့ပြောတဲ့ အတွက် ခန်းမထဲကပဲ တိုင်းမှူးကြီး ကားသံကို နားစွင့်နေကြတယ်။

   ၁၁နာရီထိုးမှ တိုင်းမှူးရောက်လာတယ်။ အစည်းအဝေးတက်ရောက်သူ အရေအတွက်အတိုင်း ခေါက်ဆွဲကြော် ကြာဇံကြော်နဲ့ အအေးဘူးတွေပါလာ တယ်။ အားလုံးရဲ့ရှေ့တွေမှာ လိုက်ချပေးနေတယ်။ တိုင်းမှူးစတိတ်စင်ဖက် လျောက်သွားလို့ အခန်းအနားမှူးက အစည်းအဝေးစမယ်ထင်ပြီး လာသတင်း ပို့တာကို လက်ကာပြပြီး တားလိုက်ပါတယ်။ စပီကာကနေ တိုင်းမှူးရဲ့အသံ ထွက်လာပါတယ်။

   " အားလုံးပဲ ကျွန်တော်တောင်းပန်ပါတယ်၊ ဟိုဖက်က အစည်းအဝေးက သတ်မှတ်တဲ့ အချိန်ပြီးမသွားဘဲ အချိန်ပိုသွားလို့ နောက်ကျသွားတာကို ခွင့်လွှတ်ပေးပါ။ ထမင်းစားချိန်လည်း ရောက်နေပြီဆိုတော့ စားပြီးမှပဲ အစည်းအဝေး စတာပေါ့။ ကျွန်တော်လည်း ခင်ဗျား တို့နဲ့အတူစားမယ်"

   အစည်းအဝေးနေရာမှာ ထမင်းစားဖို့အတွက် တိုင်းမှူးနောက်ကပါလာ တဲ့ ရိပ်သာအဖွဲ့ တွေက ပြင်ဆင်ပေးနေကြပါတယ်။

   " ကဲ... ထမင်းမစားခင် ဂိမ်းလေးတစ်ခု ကစားရအောင်။ အစည်းအဝေး လာတက်ရင်း တိုင်းမှူးရောက်မလာသေးလို့ စိတ်မောနေရတဲ့ပုံကို စကား လုံးဝမပြောဘဲ ဟန်ပန်အမူအရာနဲ့ လုပ်ပြနိုင်တဲ့သူရှိရင် စင်ပေါ်ကိုတက်ခဲ့ ပေးပါ"

   အစည်းအဝေးတက်ရောက်သူများ ခဏငြိမ်ကျသွားတယ်။ ဘယ်သူများ ပြောမလဲဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတယ်။ ရုတ်တရက်ဖြစ်တာရယ် တိုင်းမှူး ရှေ့မှာပြောရမှာရယ်ကို လန့်နေကြသလိုပဲ။ အဲ့ဒီ့အချိန်မှာ ဗြုန်းဆို မတ်တပ်ရပ်လိုက်တဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်လို့ အားလုံးရဲ့အာရုံတွေ သူ့ဆီစုသွားတယ်။ အင်္ကျီအဖြူ ထမီအ စိမ်းဝတ်ထားတဲ့ ဆရာမကြီးတစ်ဦး။ မိုးညှင်းဖက်က အစည်းအဝေး လာတက်တာ။

   " ဟုတ်ပြီ... ဆရာမကြီး စင်ပေါ်ကြွပါ၊ကျွန်တော်လည်း အောက်က အားပေးပါ့မယ်"

   ဆရာမကြီးက ခေါင်းညိတ်ပြပြီး စင်ပေါ်ကိုတက်လာပါတယ်။ စလို့ရပြီ ဆိုတာနဲ့ ဆရာမကြီးက တိုင်းမှူးကို လက်အုပ်ချီပြီး ဂါရဝပြုလိုက်ပါတယ်။ ပြီးတာနဲ့ လက်ဟန်ခြေဟန် မျက်နှာပေး အမူအရာတွေနဲ့ စပါတော့တယ်။ မီးရထားကြီးနဲ့ အစည်းအဝေးကို လာခဲ့ရပုံ၊ မနက်၉နာရီထဲက အစည်းအဝေး လုပ်မယ့်နေရာကို ရောက်နေပုံ၊ ၁၀နာရီထိုးခါနီးကျတော့ နေရာယူရပုံ၊ တိုင်းမှူးကြီးရောက်မလာသေးတဲ့အတွက် ကားသံကိုနားစွင့်ပြီး လည်တဆန့် ဆန့်နဲ့ မျှော်နေမိပုံ၊ ဗိုက်ကလည်းဆာလာလို့ ဗိုက်လေးကိုပွတ်ပြပုံ၊ ကားသံ ကြားလို့ ပျော်သွားပုံ၊ခေါက်ဆွဲကြော်နဲ့ အအေးတွေပါလာလို့ ပိုပြီးပျော်ရပုံ၊ တိုင်းမှူးကြီးကို ကျေးဇူးတင်သွားပုံတို့ကို ဟန်နဲ့ပန်နဲ့ လုပ်ပြပါတယ်။

   တိုင်းမှူးကိုယ်တိုင် ရယ်မောပျော်ရွှင်ခဲ့ရတဲ့ ပွဲလေးပါ။ ဆရာမကြီးလည်း တိုင်းမှူးကြီး ချီးမြှင့်တဲ့ ဆုငွေတစ်သိန်းကို ရရှိသွားပါတယ်။ ထိုအချိန်က ငွေတစ်သိန်းဆိုတာ အတော်တန်ဖိုးရှိပါတယ်။ ဗင်ကားတစ်စီးမှ ၃သိန်း လောက်ပေးရတဲ့အချိန်လေ။ အထူးအဆန်းကိုမှ လုပ်ခိုင်းတတ်တဲ့ တိုင်းမှူးရဲ့ လိုလားချက်ကို ဖြစ်မြောက်အောင် လုပ်ပြသွားတဲ့ ဆရာမကြီးရဲ့ ရဲဝံ့မှု ကြောင့် အားလုံးပျော်ရွှင်သွားကြတယ်။ လက်ခုတ်သံများမြိုင်ပြီး တိုင်းမှူးနဲ့ အတူ နေ့လယ်စာ စားသုံးဖြစ်ကြတာလည်း သူတို့ပါးစပ်ဖျားမှာ ပြောစမှတ် ဖြစ်ကျန်ခဲ့တဲ့ အထိပါပဲ။ တိုင်းမှူးကြီးကတော့ သူတို့အားလုံးရဲ့ အနက်ရှိုင်းဆုံး ရင်ထဲတစ်နေရာကို ပိုင်စိုးသွားပြီ ဆိုတာ...။

အရာရှိများကို နောက်တန်းမှာ တောဆောင်းဦးထုတ် မဆောင်းခိုင်းဘဲ ပိကက်ကိုသာ ဆောင်းခိုင်းပြီး ” ဘယ်ဆိုက်ကားသမားမှ ပိကက်မဆောင်း ဘူး”ဟုပြောလေ့ရှိသော၊ တိုက်ခိုက်ရေးဖိနပ်အမဲ (ကွန်ဘက်)ကြီးကို အမြတ်တနိုး ဝတ်လေ့ရှိသော၊ စစ်ဂျာကင်ပေါ်မှာ တိုင်းတံဆိပ် အဆင့်တံဆိပ် ရင်ဘတ်တံဆိပ်များ တပ်ဆင်ပြီးဝတ်မှကြိုက်သော၊ ရိန်းဂျား တပ်တွေမှာ ဆောင်းတဲ့ ရှာထိုးဦးထုတ်လို အဆင့်အမည်တွေ ရွှေရောင်ပန်းခက်တွေ ပိုးကြိုးစတွေနဲ့ ဆောင်းလေ့ရှိသော၊ ” စစ်သားစိတ်” ရှိသော စစ်သားကြီး အကြောင်း ရေးဖွဲ့ရမယ် ဆိုရင် ကုန်နိုင်မယ်တောင် မထင်ပါ။ ကျွန်တော်တို့ရဲ့ တိုင်းမှူးကြီးဖြစ်ခဲ့သော အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ယောက် ကျန်းမာစွာ ဖြင့် ရှိနေတာကိုက ကျွန်တော်တို့အတွက် ဆုလာဘ်ကြီး တစ်ခုပါပဲ။ တိုင်းမှူးကြီးရဲ့” အရင်လူလုပ်သွားတာထက် သာအောင်လုပ်၊ နောက်လူ လုပ်စရာမကျန်အောင်လုပ်” “