စစ်ရေးလျှို့ဝှက်ချက် Password ကို ၁၂၃၄ ပေးလို့ ဝေဖန်ခံနေရတဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး

မတ် ၁ ရက်က ဂျာမန်လေတပ် တပ်ချုပ်အင်ဂို ဂါးဟတ်ဇ်ဟာ သူ့လေတပ်အရာရှိတွေကို WebEx ကနေ ၃၈ မိနစ်ကြာ စကားပြောဆိုမှုဟာ ချက်ချင်း ရုရှားဆီ ပေါက်ကြားသွားပြီး ရုရှားမီဒီယာတွေက ဂါးဟတ်ဇ်ပြောဆိုခဲ့တဲ့ စစ်ရေးလျှို့ဝှက်ချက်တွေကို ပြန်ဖော်ပြလို့ နေတိုးဟာ ရုရှားကို တိုက်ခိုက်ချေမှုန်းဖို့ စီစဉ်နေတာဖြစ်တယ်လို့ ရုရှားအစိုးရဘက်က ပြောကြားမှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

အခုနောက်ဆုံး ဒီအသံဖိုင်ပြောဆိုမှုအတွက် ပေးထားတဲ့ လျှို့ဝှက်ကုဒ်နံပါတ်ဟာ အင်မတန်ချိုးဖောက်လွယ်တဲ့ Password အဖြစ် ၁၂၃၄ လို့သာ ပေးထားတာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်စ် ကိုယ်တိုင် သတ်မှတ်ပေးထားတာဖြစ်ကြောင်း ပေါက်ကြားသွားလို့ ဂျာမန်မီဒီယာတွေ သာမက ကမ္ဘာ့မီဒီယာကြီးတွေမှာပါ ဝေဖန်မှုမြင့်တက်လာပါတော့တယ်။

အမေရိကန်တပ်သားတွေ ယူကရိန်းစစ်မြေပြင်မှာ ဝင်ရောက်တိုက်ခိုက်နေမှုအခြေအနေ၊ ယူကရိန်းထံ ဗြိတိန်နဲ့ ပြင်သစ်က Storm Shadows ဒုံးကျည်တွေ ပေးပို့တဲ့အခြေအနေ၊ ဒီလက်နက်တွေရဲ့ အစွမ်းပကားက ပူတင်ကျူးကျော် သိမ်းပိုက် ထားတဲ့ခရိုင်းမီးယားဒေသက ကာ့ချ် တံတားကြီးကို ချိုးဖျက်နိုင်တဲ့အခြေအနေတွေကိုပါ ဂျာမန် လေတပ် တပ်ချုပ်က ပြောဆိုခဲ့တာဖြစ်ပြီး ရုရှားဘက်က ချက်ချင်းအကုန် ကြားဖြတ်နားထောင် ရယူသွားခဲ့လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်စ်ကိုယ်တိုင်က အပူတပြင်းစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆုံး ထပ်မံပေါက်ကြားသိရှိရမှုအရ စစ်ရေးမှာ လျှို့ဝှက်စွာသုံးစွဲရတဲ့ WebEx အသံ ဂရု (ပ်) မှာ ပစ္စတိုးရီးယက်စ်ကိုယ်တိုင် ပေးထားတဲ့ လုံခြုံရေးကုဒ် Password က ၁၂၃၄ ဖြစ်နေကြောင်း သိရှိရတဲ့အတွက် ဗြိတိန်၊ ပြင်သစ်၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဂျာမနီကာကွယ်ရေးဝန်ကြီးအပေါ် အပျော်တမ်းဆန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်လာကြပြီဖြစ်ပါတယ်။