စစ်တွေသို့ပို့မည့် AA လက်နက်ကိုင်အဖွဲ့၏ ကျပ်တစ်ဘီလျံတန်ဖိုးရှိမူးယစ်ဆေးများ ဖမ်းမိ

စစ်တွေသို့ပို့ဆောင်မည့် AA လက်နက်ကိုင်အဖွဲ့၏ ကျပ်တစ်ဘီလျံတန်ဖိုးရှိမူးယစ်ဆေးများ ဖမ်းမိခဲ့ပြီး AA လက်နက်ကိုင်အဖွဲ့၏ မူးယစ်ဆေးဖမ်းမိမှု ၉ ကြိမ်ရှိပြီဖြစ်ကာ အဆိုပါမူးယစ်ဆေးဖြန့်ချိမှုများ ဖမ်းမိမှု တန်ဖိုးအားဖြင့် ကျပ်ဘီလျံ ၃၀၀ ခန့် သိမ်းဆည်းရမိထားကြောင်း သိရသည်။

မတ်လ ၂၁ ရက် ညနေပိုင်းအချိန်တွင် စစ်တွေမြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးသည် ဘူးသီးတောင်မြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနှင့် ချိတ်ဆက်၍ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့် တရားခံ ထွန်းသိန်းအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ စုမြတ်ဝေတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သော ငွေကြေးများ ရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ် ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၉ ကြိမ်ရှိပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါး ကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလျံကျပ်ဖြစ်ကြောင်း သိရသည်။