ကချင်ပြည်နယ် မြစ်ဆုံ ဒေသကို ခရီးသွားလာရာ နေရာတစ်ခု အဖြစ် လုပ်မယ်

ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြစ်ဆုံဒေသကို ခရီးသွားလာရာ နေရာတစ်ခု ဖြစ်လာဖို့ လုပ်ဆောင်နေတယ်လို့ ကနဦး သတင်းများအရ သိရပါတယ်။

မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဂ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်အတွက် စီမံဆောင်ရွက်လျက် ရှိပြီး မြစ်ဆုံဒေသ၏ ရှိရင်းစွဲ မူလ သဘာဝအလှအပများကို ပျက်စီးဆုံးရှုံးမှု မရှိစေဘဲ သန့်ရှင်းသပ်ရပ်စွာဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ ဆွဲဆောင်နိုင်ရေး အကောင်အထည်ဖော် သွားမယ်လို့ သိရပါတယ်။

မြစ်ဆုံဒေသသည် ကချင်ပြည်နယ်ရဲ့ ပြယုဂ်တစ်ခုဖြစ်သကဲ့သို့ ပြည်ထောင်စု၏ ပြယုဂ် တစ်ခု လည်းဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းများကို အပိုင်းလိုက် လုပ်ဆောင်ဖို့လည်းစီစဉ်နေတယ်လို့သိရပါတယ်။

မြစ်ဆုံဒေသ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပထမ (၅)နှစ်တာကာလအတွင်း မြစ်ဆုံသွားလမ်းနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် (ပြည်ထောင်စုလမ်းမကြီး) လမ်းဆုံနေရာတွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်၊ အထိမ်းအမှတ်များ ပါဝင်သည့် မုခ်ဦးတည်ဆောက်ခြင်း၊ မြစ်ဆုံသွားလမ်း အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ခြင်း၊ မြစ်ဆုံဧရိယာအတွင်း ကျယ်ဝန်းသည့် ကားပါကင်တည်ဆောက်ခြင်း၊ ဟောခန်းမ၊ ရိုးရာစားသောက်ဆိုင်၊ မြစ်ဆုံကျောက်ဖြင့် အလှဆင်ခြင်းလုပ်ငန်း ဖော်ထုတ်ပြသခြင်း၊ မြေယာရှုခင်းပြုပြင်၍ အလှပန်းဥယျာဉ် ဆောင်ရွက်ခြင်းနှင့် ကလေးကစားကွင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

အဆိုပါ ဧရာဝတီမြစ်ဆုံဒေသသည် မြစ်ကြီးနားမြို့နှင့် (၂၈)မိုင်ခန့်ကွာဝေးပြီး မော်တော် ယာဉ်ဖြင့် သွားမည်ဆိုပါက (၁)နာရီခွဲကျော် အချိန်ကြာမြင့်တယ်လို့ သိရပါတယ်။