စစ်ကြောင်းနားထောင်

   နေလုံးကြီးက တောင်စွယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီ။ အုံ့ဆိုင်း နေသော သစ်ပင်ကြီးများကြောင့် အမှောင်ထုက ပိုပြီးနက်နေသည်။ လှုပ်ရှား စစ်ကြောင်းကြီး တစ်ရက်တာ ရပ်နားရန် အချိန်ရောက်လေပြီ။

   ရန်သူနှင့် ဝေးသောနေရာများတွင် စခန်းချတိုင်း " စစ်တိုက်ရင်း လေ့ကျင့်၊လေ့ကျင့်ရင်းစစ်တိုက်" ဆိုသလို ဆရာလုပ်တတ်သည့် အကျင့် တစ်ခုရှိသည်။

   စခန်းချ ရပ်နားမည့် နေရာအနီး ကမူမြင့်မြင့်ပေါ်သို့ ဆရာတက်လိုက် သည်။ ၆ပေခန့် အရပ်ကြီးဖြင့် ကုန်းထိပ်တွင် ရပ်နေသည်မှာ တင့်တယ်ပေ စွ။ ပြီးလျင်လက်နှစ်ဖက်ကို အသံပိုကြားရအောင် အော်လံပုံ လုပ်ပြီး အမိန့် ပေးပါသည်။

   " စစ်ကြောင်းနားထောင်... ငါတို့ဒီနေရာမှာ စခန်းချမယ်...စစ်ကြောင်း ရုံး ဒီနေရာ...တပ်ခွဲ(၁) ဟိုသစ်တစ်ပင်တောင်ကုန်း...တပ်ခွဲ(၃) ဟိုသစ်ခြောက်ပင်တောင်ကုန်း...ဘာမရှင်းတာရှိလဲ"

   " မရှိဘူး"

   " မရှိရင်ဆက်လုပ်"

   ကဲ...ရှေ့တန်းစစ်မြေပြင်မှာ မခန့်ညားပေဘူးလားဗျာ။ တပ်နေရာချ တာက အိုင်အိုတွေရဲ့ အလုပ်ပါ။ ခုလိုဝင်ပါနေတော့ မခက်ပေဘူးလား။ ဒီ လောက်တောင် ဖြစ်လှတာဆိုပြီး တပ်ခွဲမှူးများလည်း စခန်းချရမည့် နေရာ များမှ အသံများ ပြိုင်တူထွက်ပေါ် လာကြသည်။

   " တပ်ခွဲနားထောင်...ငါတို့တပ်ခွဲ ဒီနေရာမှာ စခန်းချမယ်...တပ်ခွဲရုံး ဒီနေရာ...တပ်စု(၁) ဟိုတောင်ကုန်း...တပ်စု(၂) ၄၅ဒီဂရီ ဟိုတောင်ကုန်း ...တပ်စု(၃) ငါနဲ့အတူအရန် ဒီနေရာ... ဘာမရှင်းတာရှိလဲ"

   " မရှိဘူး"

   " မရှိရင် ဆက်လုပ်"

   တပ်ခွဲမှူးများ၏ သံပြိုင် အသံကြောင့် တစ်တောလုံး ဆူညံသွားပါတော့ သည်။ တပ်စုမှူးတွေက ဆက်ပြီး တပ်စိတ်နားထောင်လို့ မအော်တာ ကံကောင်း။

   နောက်တစ်နေ့ ချီတက်မှု မစမီ တပ်ခွဲမှူးများအားခေါ်၍...

   " လူလေးတို့ ညက တပ်ခွဲလိုက် စခန်းချဖို့ အမိန့်ပေးတာ အသံနည်း နည်းကျယ်တယ်ကွဲ့... နောက်ကို စစ်မြေပြင် အချက်ပြ အမူအရာတွေနဲ့ အမိန့်ပေးကြရအောင်...ဖြစ်တယ်မဟုတ်လား"

   " ဖြစ်ပါတယ်"

   တစ်ခါတလေတော့လည်း ရောင်းသူနှင့်ဝယ်သူ အသံတူဦးပါမှ။ နောက်ပိုင်း စခန်းချတိုင်း အသံမထွက်တော့ပါ။