စင်ကာပူမှာ အဆိပ်ဖြစ်စေနိုင်တဲ့ အသားအရေထိန်းခရင်မ်တွေ ရောင်းချမှုနဲ့ တရားစွဲခံရ

စင်ကာပူနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ Shopee စျေးရောင်းဝယ်ရေး app တစ်ခုမှာ စတီးရွိုက် အဆိပ်တွေ ပါဝင်တဲ့ အသားအရေခရင်မ်ကို ရောင်းချမှုနဲ့ တရားစွဲခံထားရပါတယ်။

Star Cream (သို့မဟုတ်) “xing xing Gao” အမည်ရှိ အဆိုပါခရင်မ်ကြောင့် ယမန်နှစ်ဇွန်လက အသားအရေပြဿနာဖြစ်ပွားလာသူရှိတာကြောင့် ကျန်းမာရေးသိပ္ပံအာဏာပိုင် (HSA) မှ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

စတီးရွိုက်တွေကို ကြာရှည်စွာအသုံးပြုခြင်းဟာ ပြင်းထန်ဆေးဘက်ဆိုင်ရာအခြေအနေ Cushing’s syndrome တွေ ဖြစ်လာနိုင်ပြီး အသားအရေကို sensitive ဖြစ်စေပါတယ်။ ဒီအတွက် ကုန်ပစ္စည်းထုတ်သူဖြစ်တဲ့ အသက် ၃ဝ နှစ်အရွယ် မလေးရှားအမျိုးသမီး ချင်ဆော့ခ်ရီဟာ အဆိပ်ရောင်းချမှု အက်ဥပဒေအရ လိုင်စင်မရှိဘဲ အဆိပ်ရောင်းချမှု စွဲချက် 11 ခု နဲ့ ရင်ဆိုင်နေရပါတယ်။

သူမဟာ Starcream_homemade ခရမ်ကို Shopee မှာ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစ ရောင်းချခဲ့တာပါ။ သူမရဲ့ခရမ်ပုလင်းတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာ မှိုပိုးကူးစက်မှုများ ဖြစ်စေတဲ့ ketocanozole၊ clobetasol propionate စတဲ့ အစွမ်းထက် စတီးရွိုက်များ ပါဝင်တာကို တွေ့ရတယ်လို့ သိရပါတယ်။

သူမဟာ လိုင်စင်မရှိဘဲ အဆိပ်ရောင်းချမှုဖြင့် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ် (သို့) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁ဝဝဝဝ (သို့) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။