ငှက်ပျောခွံရဲ့ အသုံးဝင်ပုံများ

ငှက်ပျောသီးဟာ လူတိုင်းနီးပါးကြိုက်နှစ်သက်ပြီး စားသုံးကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
ငှက်ပျောသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာမို့ စားသုံးမယ်ဆိုရင်
ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေရရှိနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ငှက်ပျောခွံဟာလည်း မြေဆီလွှာနဲ့ အပင်တွေအတွက် အကျိုးရှိစေတဲ့ သဘာဝစွန့်ပစ်ပစ္စည်း ဖြစ်ပါတယ်။
လူအများစုဟာ ငှက်ပျောခွံကို သာမန်စွန့်ပစ်ပစ္စည်းအဖြစ် မှတ်ယူလေ့ရှိကြပြီး စားပြီးတာနဲ့ အခွံကိုအလွယ်တကူပဲ လွှင့်ပစ်လေ့ရှိကြပါတယ်။ ငှက်ပျောခွံကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-
(၁) အာဟာရဓာတ် ထောက်ပံ့ပေးခြင်း
ငှက်ပျောသီးစားတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုတက်စီယမ်ဓာတ်ရရှိသလိုပဲ ငှက်ပျောခွံကနေလည်း အပင်တွေအတွက်
ပိုတက်စီယမ်ဓာတ်ကို ရရှိစေပါတယ်။ ငှက်ပျောခွံတွေ တဖြည်းဖြည်းနဲ့ ဆွေးမြေ့ပြီးတဲ့နောက်မှာ အပင်အတွက်အရေးကြီးတဲ့
ပိုတက်စီယမ်ဓာတ်ကို ပံ့ပိုးပေးပါတယ်။ ပိုတက်စီယမ်ဟာ အပင်အတွက် ပန်းပွင့်တွေ၊ အသီးတွေနဲ့ ကျန်းမာသန်းစွမ်းတဲ့ အမြစ်တွေရရှိအောင် ကူညီပေးပါတယ်။ ငှက်ပျောခွံတွေ ဆွေးမြေ့ပြီးတဲ့နောက်မှာ ပိုတက်စီယမ်ဓာတ်အပြင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေကိုလည်း ရရှိအုံးမှာ ဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ ငှက်ပျောခွံတစ်ခုတည်း မသုံးချင်ဘူးဆိုရင်တော့ ငှက်ပျောခွံကို အခြားသဘာဝမြေဩဇာများနဲ့ ရောစပ်ထည့်သွင်းကာ အသုံးပြုနိုင်ပါတယ်။
(၂) ငှက်ပျောခွံကို ဘယ်လိုအသုံးပြုမလဲ
ငှက်ပျောခွံကို အပင်တွေအတွက် ကျွေးမယ့်အခါ နည်းလမ်းများစွာကို အသုံးပြုနိုင်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့
(က) အပင်ရဲ့ ပင်စည်ကနေ ၂ လက်မမှ ၃ လက်မခန့် အကွာအဝေးလောက်မှာ ငှက်ပျောခွံတွေကို မြေသားအပေါ်တင်ပေးထားခြင်း၊
(ခ) ငှက်ပျောခွံကို ၃ လက်မအနက်ရှိတဲ့ တွင်းတစ်ခုတူးပြီး အပင်ခြေအနားမှာ ထည့်ပေးခြင်း၊
(ဂ) ၁ လက်မခန့်ရှိတဲ့ အစိတ်အပိုင်းလေးတွေ ပြုလုပ်ပြီး မြေဆွေးနဲ့ရောကာ အပင်တွေထဲထည့်ပေးခြင်း၊
(ဃ) သန့်စင်ထားတဲ့ငှက်ပျောခွံတွေကို ရေနဲ့အတူရောကာ အာဟာရ ဖျော်ရည်အနေနဲ့ အပင်တွေကို လောင်းပေးခြင်းတို့ပဲဖြစ်ပါတယ်။
(၃) အဖျက်ပိုး ကာကွယ်ပေးခြင်း
ပိုင်းဖြတ်ထားတဲ့ ငှက်ပျောခွံအပိုင်းအစတွေကို မြေဆီလွှာထဲထည့်ပေးခြင်းဟာ ပျပိုးလို အဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ငှက်ပျောခွံဖျော်ရည်ကို ရေနဲ့ရောစပ်ကာ အပင်တွေအပေါ်ပက်ဖျန်းပေးခြင်းဖြင့် သဘာဝပိုးနှင်ဆေးအဖြစ်နဲ့လည်း အသုံးချနိုင်ပါတယ်။
မှည့်နေတဲ့ ငှက်ပျောသီးရဲ့ ပျော့ဖက်တွေနဲ့ အခွံတွေဟာဆိုရင် မှိုရောဂါတွေကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိနဲ့ ပဋိဇီဝ ဂုဏ်သတ္တိတွေပါဝင်နေတာကြောင့် မှိုရောဂါတွေ ကုသရာမှာ အသုံးပြုလို့ရပါတယ်။
(၄) ငှက်ပျောခွံနဲ့ အင်းဆက်ပိုးများ
အိမ်တွင်းမှာ အလှစိုက်တဲ့အပင်‌တွေကို ငှက်ပျောခွံကျွေးမယ်ဆိုရင်တော့ တစ်ခါတစ်ရံမှာ မှက်၊ ယင်ကောင်၊ ပိုးဟပ်နဲ့ ပုရွက်ဆိတ်တို့လို
အင်းဆက်ပိုးတွေ လာရောက်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆွေးမြေ့သွားတဲ့ ငှက်ပျောခွံတွေရဲ့ အနံ့ဟာ ပျားတွေကနေထုတ်လွှတ်တတ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးနဲ့ ဆင်တူတာကြောင့် အခန့်မသင့်ရင်တော့ ပျားတစ်ချို့ ရောက်ရှိလာနိုင်ပါတယ်။
ဒါ့ကြောင့် ငှက်ပျောသီးစားပြီးရင် ငှက်ပျောခွံတွေကို မလွှင့်ပစ်ဘဲ မိမိရဲ့ခြံဝန်းထဲမှာ စိုက်ထားတဲ့ အပင်တွေနဲ့ အိမ်တွင်းအလှစိုက်အပင်တွေမှာ ပြန်လည်အသုံးပြုနိုင်ကြောင်းကို ကူးယူဝေမျှပေးလိုက်ရပါတယ်ရှင်…