ငွေကျပ်သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ငွေကျပ် သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မတ်လ ၂၂ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းလျှောက်လာသူ စိုင်းသူရထွန်း(ခ)အာကြီး ဆိုသူကို စစ်ဆေးရှာဖွေရာမှ ဒေသကာလပေါက်ဈေး ငွေကျပ်သိန်း ၂၃၁၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၂.၁ ကီလိုကို စတင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ ဖြိုးဝေအောင်(ခ)ကိုဖြိုး ဆိုသူကို တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လပ်ကီးလမ်းတွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁.၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားနှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သို့ဖြစ်သဖြင့် ဖမ်းဆီးရမိသူ စိုင်းသူရထွန်း(ခ)အာကြီး(၄၁)နှစ် နှင့် ဖြိုးဝေအောင်(ခ)ကိုဖြိုး(၂၃)နှစ်တို့ကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

𝙈𝙃𝙏𝙉𝙀𝙒𝙎