ချေးဋီကာ

   " စစ်ကြောင်းခဏရပ်မယ်...ရှေ့နောက် ကင်းချ"

   နေ့လယ်ထမင်းစားပြီး ထွက်လာလို့မှ မကြာသေး။ ရပ်ခိုင်းနေပြန် သည်။

  " ဘာဖြစ်တာလဲကွ"

   တပ်ခွဲမှူးက နောက်ကို လှမ်းမေးသည်။

   " တပ်ရင်းမှူး...အိမ်သာတက်"

   နည်းနည်းတော့ ကြာဦးမည်။ လမ်းဘေးတောတိုးပြီး သင့်တော်သည့် နေရာမှာ ကိစ္စပြီးလိုက်လိမ့်မည်လို့တော့ မထင်လိုက်လေနှင့်။ မှားသွားပါ လိမ့်မည်။

   လက်ဖြောင့်ရဲဘော် တစ်ဦးက အကာအကွယ်ကောင်းပြီး အခင်းသာ သော နေရာတွင် အိမ်သာကျင်း တူးပေးရသည်။ အိမ်သာကျင်းဆိုလို့ ပေါက်တူး ပေါက်ပြားတွေနှင့် တူးပေးရသော ကျင်းမျိုးမဟုတ်။

   နို့ဆီဘူးအရွယ် အကျယ်နှင့် အနက်ရှိသော ကျင်းလေးကို လှံစွတ် ဖြင့် တူးပေးရ၏။ အချိန်ကြာမည်ဟု ပြောရခြင်းက ကျင်းလေးကို ဝိုင်းစက်နေ အောင် ပုံဖေါ်ပေးနေရလို့ဖြစ်သည်။ ကိစ္စပြီးရင် ပြန်ဖုံးခဲ့မည့်ဥစ္စာကို ဝိုင်းစက်နေအောင် တူးခိုင်းနေသေးသည်။

   အိမ်သာကျင်းကို ပေါက်တူးနှင့် ဇွပ်ခနဲ ဇွပ်ခနဲ တူးလိုက်ရတာမှ မြန် လိမ့်ဦးမည်။ ထိုနို့ဆီဘူး အဝိုင်းထဲ ဝင်အောင်ပါနိုင်သည့် စကေးကလည်း အတော်လေ့ကျင့်ထားမှ ရပေမည်။

   ဒီလိုဖြစ်လာရအောင်ကလည်း ဇာတ်လမ်းလေးက ရှိခဲ့ပေတာကိုး။

   စစ်ဆင်ရေး တစ်ခုမှာပေါ့။

   စစ်ကြောင်း(၁)နှင့် တပ်ခွဲ နှစ်ခွဲပါ အင်အား ၂၀၀ကျော် ရှေ့နောက် တန်း သွားနေပုံက မြွေကြီးတစ်ကောင် ရွေ့လျားနေသလိုမျိုးဖြင့် ရည်မှန်း ချက်တစ်ခုကို တရွေ့ရွေ့ သွားနေသည်။

   စစ်ကြောင်းများ ချီတက်ရာတွင် ရှေ့နောက် အဆက်အသွယ် မပြတ် စေရန်နှင့် ထူးခြားမှုများ သတင်းပို့ရန် စစ်သည်တစ်ဦးမှ တစ်ဦးသို့ အဆင့် ဆင့် ပြောဆိုသတင်းပို့သော စနစ်ကို ကျင့်သုံးကြ၏။

   စစ်သည်များမှာ လက်နက်ခဲယမ်းနှင့် ကျောပိုးအိတ်ကို လွယ်ထားပြီး တောင်ကုန်းများ တက်လိုက်ဆင်းလိုက်၊ ချောင်းများအတွင်းသွားလိုက်၊ မ သင်္ကာသည့် နေရာများအား တက်ရှင်းလိုက်ဖြင့် ချီတက်နေကြရာ ပင်ပန်း နေကြ၏။

   ထိုသို့ အနောက်ဘက်မှ အရှေ့ဘက်သို့ လှမ်းပြောသော စကားများ၊ ရှေ့ပွိုင့်တပ်စိတ်မှ အနောက်ဘက်သို့ သတင်းပို့သော စကားများတွင် အ မှားအယွင်း ဖြစ်တတ်ကြ၏။ တိုင်းရင်းသား စစ်သည်များ၊ အလေးမထား တတ်သော စစ်သည်များ၊ နားလေးသော စစ်သည်များကြောင့် သတင်း ပို့ မှားပုံများလည်း ကြုံဖူးပါ၏။

   စစ်ကြောင်းတွင် တစ်ယောက်နှင့် တစ်ယောက် အလှမ်းကွာလွန်း၍ "ကပ်ထား"ဟု အဆင့်ဆင့် ပြောလိုက်ရာ ရှေ့ဘက်ကို ရောက်လာသော စ ကားလုံးမှာ " ခပ်ထား"ဖြစ်နေ၏။ ချောင်းကိုဖြတ်သောအခါ ရေများခပ် ကြတော့သည်။

   " ဆက်ထွက်" ဟုပြောသည်ကိုလည်း ဗိုက်ဆာနေသည့်ရဲဘော်ကပဲ ပြောလိုက်လေသလားမသိ " စားချက်"ဟုကြားပြီး ထမင်းစား ပြန်ချက်ဖို့ လုပ်ခဲ့ဖူးသည်။ အဆိုးဆုံးက တိုက်ပွဲအတွင်းမှာ လိုအပ်လို့ "မော်တာတက်ခဲ့" ဟုပြောလိုက်ရာ "ပေါ်တာကြီး" အထမ်းနှင့် ရောက်လာတာမျိုးဖြစ်၏။

   ထိုကဲ့သို့ စစ်မြေပြင် ဆက်သွယ်မှု မပြုလုပ်လျင်လည်း အချင်းချင်း မှားယွင်းမှုများ၊ လူပျောက်မှုများ ဖြစ်နိုင်၍ စစ်ကြောင်းများ ချီတက်တိုင်း အဆင့်ဆင့် သတင်းပို့ခြင်းကို အသုံးပြုနေရခြင်းဖြစ်၏။

   ရန်သူ့သတင်းရလို့ ချီတက်နေရသော အချိန်ဖြစ်၏။ ရန်သူနှင့် တိုက်ပွဲ ဖြစ်နိုင်သည်။ သတိကြီးစွာဖြင့် စစ်သည်တိုင်း ဂရုစိုက် ချီတက်နေကြသည်။ တရွေ့ရွေ့ ရှင်းလင်းချီတက်လာရင်း စစ်ဗျူဟာ အရေးကြီးမြေ နေရာ တစ်ခုသို့ ရောက်လာရာ အချိန်မှာလည်း နေ့လယ်စာ ထမင်းစားချိန် ရောက် နေပြီဖြစ်လို့ တပ်ရင်းမှူးက အိုင်အိုကို အမိန့်ပေးခိုင်းလိုက် သည်။

   " ခဏနားမယ်..ကင်းချမယ်..ကာကင်းထုတ်မယ်..ထမင်းစားမယ်.. ပြန်ချက်မယ်"

   သက်ဆိုင်ရာ တပ်ခွဲ တပ်စု တပ်စိတ်များအလိုက် တိတ်ဆိတ်စွာ နေ ရာချကာ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ကြပါသည်။

   အချိန်တစ်နာရီအတွင်း စစ်သည်အားလုံး ထမင်းစားပြီး ညနေစာ လည်း ချက်ပြီးဖြစ်သည်။ "စား...ချက် နာရီဝက်"လို့ အလေ့အကျင့်ဖြစ် အောင် လေ့ကျင့်ထားသည် မဟုတ်ပါလား။ စက်အဆက်အသွယ်လုပ်လို့ အချိန်တစ်နာရီထက် ပိုကြာသွားရင်တော့ ကျောပိုးအိတ်ကိုမှီ ပွတ်ချွန်း လေးသောက်ရင်း စောင့်နေရုံပေါ့။

   ဆရာလည်း ဒီနေ့မှ ထမင်းစားကောင်းနေသည်။ အသားဟင်း လုံးဝ မပါသော်လည်း ငါးပိနိုင်နိုင်နှင့် ချက်ထားသော တောင်ချဥ်ပေါင်ဟင်းနှင့် ပဲဟင်းကြောင့် ခံတွင်းတွေ့သွားပြီး ဟန်းကောတစ်လုံးနီးပါးလောက် စား လိုက်မိသည်။

   " ကဲ...ဆက်ထွက်မယ်ဟေ့...ပွိုင့်တပ်စိတ် သတိနဲ့သွား...ထူးရင်သ တင်းပို့"

   စစ်ကြောင်းကြီး တစ်ခုလုံး ချီတက်ရန် ပြင်ဆင်ပြီး ဆက်ထွက်ခဲ့ကြ ပါသည်။

   အချိန်တစ်နာရီကျော်ခန့် ချီတက်လာကြသဖြင့် ၃မိုင်လောက်တော့ ခရီးပေါက်လာပြီ။ တောင်တက်ခရီးကို စတင်နေကြသည်။ လူသွားလမ်း လေးက တောင်ကြောဘေးမှာ ကပ်၍ဖောက်ထားသည်။

   တောင်ကြောလမ်းကို သွားနေရာမှ ဆရာဗိုက်နာလာသည်။ အိမ်သာ တက်ချင်တာဖြစ်မည်။ အောင့်ထားလို့ကလည်းမရ။ ပဲဟင်းတွေက အစွမ်း ပြလာပြီး အန္တရာယ်အား မလွယ်နိုင်တော့သည့်အဆုံး လမ်းဘေးရှိ ချောက် အတွင်း သွားရောက်ဖြေရှင်းရန် ဆုံးဖြတ်လိုက်၏။

   သို့ရာတွင် လူချင်းမမှားအောင် စစ်သည်များကို သတိပေး ထားရမည်။

   " တပ်ရင်းမှူး ချောက်ထဲမှာ ချေးပါနေတယ်လို့ ရှေ့ကိုဆက်ပြော"

   ဆရာလည်း မှာပြီးသည်နှင့် ချောက်ထဲ ပြေးဆင်းသွားလေသည်။

   အဆင့်ဆင့် သတင်းပို့လာသော စကားစုက ပွိုင့်တပ်စုမှူးဆီ ရောက် လာတော့ ..ဒီလို။

   " တပ်ရင်းမှူး  ကြောက်ချေးပါနေတယ်"

   ရန်သူနှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်တော့မှာ​မို့ ဆရာတစ်ယောက် ကြောက် ချေးတွေ ပါနေပါလား ဟုပင် တွေးချင်စရာ ဖြစ်နေသည်။

   တပ်ရင်းမှူး ကြောက်ချေးပါနေတယ် ဆိုသောစကားကို ပြန်ကြားမိ သောဆရာ ဒေါသတွေ ထွက်နေသော်လည်း ဘယ်သူက စပြောလဲ ဟူသည့် တရားခံကိုမူ ရှာမတွေ့။

   နောက်ပိုင်း ချီတက်နေရင်း အိမ်သာတက်ချင် လာပါက ကြောက်ချေး ပါသည်လို့ အပြောမခံရအောင် နို့ဆီခွက် ဖော်မြူလာကို ကျင့်သုံးလာခြင်းပဲ ဖြစ်တော့သည်။

×××××

   မိနစ်၂၀လောက်ကြာတော့..

   " ဆက်ထွက်မယ်"

   ဒီတစ်ခါ ရှေ့ပြေးပွိုင့် တပ်ခွဲမှူးက ဗိုလ်ကြီးလွန်းတင်။ နိုင်ငံ့လက်ရွေး စင် ဘောလုံးအားကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ဘားမားလွန်းတင်ဟု လူသိများကြသည်။ မြန်မာ့လက်ရွေးစင် အားကစားသမားများကို ဘားမားဟု နာမည်ရှေ့က ဝိသေသ တပ်ပေးထားခြင်းလည်းဖြစ်၏။

   ဗိုလ်ကြီးလွန်းတင်တပ်ခွဲ ရှေ့ကသွားပြီးနောက် တပ်ရင်းမှူး၏ စစ် ကြောင်းဌာနချုပ် ဆက်၍လိုက်သည်။ နောက်ပိုင်းလုံခြုံရေးအဖြစ် ဗိုလ်ကြီး ခင်မောင်ဝင်း တပ်ခွဲက တာဝန်ယူကာ လိုက်ပါလာသည်။ လောဒန်မှ စိန်လုံ သို့ ကားလမ်းမသုံးဘဲ ချီတက်နေကြခြင်းဖြစ်၏။

   ဗိုလ်ကြီးလွန်းတင် ဦးစီး ခွဲရုံးနှင့် နှစ်စုသည် လူသွားလမ်း၏ ညာဖက်မှ ဝင်ရောက် ရှင်းလင်းမည် ဖြစ်ပြီး တပ်စုတစ်စုမှာ စစ်ကြောင်းဌာနချုပ် လုံခြုံရေးတာဝန်အဖြစ် ကျန်ခဲ့သည်။ ဗိုလ်ကြီးလွန်းတင်တို့အဖွဲ့ လမ်း၏ ညာဖက်သို့ ဝင်သွားပါသည်။ တပ်ရင်းမှူးလည်း ရပ်စောင့်နေသည်။ သေချာ မှ သွားမည့်သဘော။

   အောက်ခြေရှုပ်သောတော ဖြစ်နေပြီး အရပ်မျက်နှာ ထိန်းသိမ်းရန် ခက်ခဲခြင်းတို့ကြောင့် နာရီဝက်ခန့်အကြာ လမ်းမှားပြီး တပ်ရင်းမှူး အနီးသို့ ဘွားခနဲ ပေါ်ကာ ပြန်ရောက်လာကြသည်။ ဗိုလ်ကြီးလွန်းတင် တပ်ရင်းမှူး အနီး ရောက်သောအခါ...

   " နယ်မြေစိတ်မချလို့ စိတ်ချရအောင် ရှင်းနေလို့ပါ..ဆက်လုပ်လိုက် ပါဦးမယ်"

   ဆရာကတော့ ဘာမှမပြော။ ပြောပြောဆိုဆိုနှင့် ဗိုလ်ကြီးလွန်းတင် ညာဖက်တောထဲ ပြန်ဝင်သွားပြန်သည်။ ခန့်မှန်း နာရီဝက်ခန့်အကြာတွင် လမ်းမှားပြီး တပ်ရင်းမှူးအနားသို့ ပြန်ထွက်လာကြပြန်သည်။

   စစ်ကြောင်းကြီးမှာ တစ်နာရီခန့်ရပ်ပြီး စောင့်နေရသည်။ အမှန်မှာ ရှေ့ပြေးတပ်ခွဲသည် စစ်ကြောင်းကို ဦးဆောင်ပြီး လုံခြုံမှု ရှိစွာဖြင့် ခေါ် ဆောင်သွားရမှာဖြစ်သည်။ ဗိုလ်ကြီးလွန်းတင် ဆရာ့ရှေ့ ဒုတိယအကြိမ် ရောက်လာပြန်သည်။

   " နယ်မြေပိုပြီး စိတ်ချရအောင် ဆက်ရှင်းနေလို့ပါ ခင်ဗျ"

   " ရပြီ...ရပြီ..လမ်းအတိုင်းသာ သွားတော့.. မိုးချုပ်သွားတော့မယ်"

   ဗိုလ်ကြီးလွန်းတင် ထွက်သွားပြီး ခြေလှမ်း သုံးလှမ်းလောက် အရောက် တွင် ဆရာက အိုင်အိုဖက်သို့လှည့်ပြီး ပါးစပ်နား လက်ကလေးကာ၍..

   " ဘားမားကြီးက လူလည်ဗျ...လမ်းမှားတာကို မှားတယ်မပြောဘူး.. နယ်မြေစိတ်ချရအောင်များ နှစ်ခါထပ်ရှင်းနေရသေးတယ်တဲ့...မှားရင် မှားတယ်ပေါ့...ချေးပုံတက်မနင်းခဲ့လို့ တော်သေး"

   ဆရာ့စကားကို ဗိုလ်ကြီးလွန်းတင် ကြားပါသည်။ ဆရာကလည်း စစ် ကြောင်းတစ်ကြောင်းလုံး ကြားအောင် ပြောနေခြင်းဖြစ်သည်။ မှန်နေလို့ လည်း ဗိုလ်ကြီးလွန်းတင်တစ်ယောက် ခေါင်းလေးပုဝင်သွားပြီး ပြုံးကာ အနားက အမြန်လစ်တော့သည်။