ချောင်းနှစ်ခွမှ သူရဲကောင်းများ (၂)

(သေမင်းက အကောင်းကြိုက်လွန်းတယ်)

၂၆-၁၁-၂၀၂၃ ရက်နေ့မှာ ကျဆုံးသွားတဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ လူပျို တစ်ယောက်ဖြစ်တဲ့အပြင် တပည့်တွေအပေါ်မှာလည်း စိတ်ရင်းစေတနာကောင်းပြီး မိဘကို လုပ်ကိုင်ကျွေးမွေးနေတဲ့ သားလိမ္မာ တစ်ယောက်လည်းဖြစ်ပါတယ်။

တပ်ရင်းမှူးကျသွားတဲ့အတွက် ချောင်းနှစ်ခွစခန်းရဲ့ ကွပ်ကဲမှုတာဝန်ကို စခန်းမှာကျန်ရှိနေတဲ့ တပ်ရင်းမှူး ကိုယ်ရေးအရာရှိ(IO) စီနီယာ ဗိုလ်ကြီး ဇေယျ တာဝန်ယူလိုက်ရပါတယ်။ စစ်ပွဲတစ်ခုမှာ ခေါင်းဆောင်ကျသွားရင် လက်အောက်ငယ်သားတွေ စိတ်ဓာတ်ပျက်ပြားသွားကြပါတယ်။ ဒါပေမယ့် ချောင်းနှစ်ခွတိုက်ပွဲ ဖြစ်စဉ်မှာ ပြောင်းပြန်သာဖြစ်ပါတယ်။

မိမိတို့ခေါင်းဆောင် ကျဆုံးသွားပေမယ့် ဗိုလ်ကြီး ဇေယျ ရဲ့ ခေါင်းဆောင်မှုနှင့်စည်းရုံးမှုကောင်းခြင်း၊ လက်အောက်အဖွဲ့များက ကျဆုံးသွားတဲ့ မိမိခေါင်းဆောင်အတွက် လက်စားချေလိုချင်တဲ့စိတ်တို့ကြောင့် စိတ်ဓာတ်ကျဆင်းသွားခြင်းမရှိတဲ့အပြင် အချင်းချင်းစည်းလုံးမှုက ပိုမိုကျစ်လစ်သွားတယ် လို့ပြောရမယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ရန်သူ့ Drop ဗုံးကြောင့် မျက်လုံးထိသွားတဲ့ စစ်သည်တစ်ယောက်ကို အခြားစစ်သည်တွေက ဆန်ပြုတ်ခွံ့တိုက်နေတာက သက်သေပါပဲ။

စစ်သည်တွေရဲ့ စိတ်ဓာတ်တွေ ဘယ်လောက်ထိ ခက်ထန်သွားကြသလဲဆိုရင် ခရာရှည်သံတွေဆွဲကာ စခန်းပေါ်ကဆင်းပြီး ရန်သူကို အသေခံတိုက်မယ်ဆိုတဲ့အထိဖြစ်ကုန်လို့ ဗိုလ်ကြီး ဇေယျက အခြေအနေကို ပြန်လည်ထိန်းသိမ်းခဲ့ရတယ်။ ဒါ့အပြင် စခန်းအနီးဝန်းကျင်မှာ ကာကင်းတွေထုတ်ထားတဲ့ လုံခြုံရေးအဖွဲ့တွေကို စခန်းအတွင်း ပြန်လည်စုပေါင်းစေပြီး ခံစစ်ပြုလုပ်မည့် အစီအမံတွေကို ပြန်လည်ညှိနှိုင်း လုပ်ဆောင်ခဲ့တယ်။

၂၇-၁၁-၂၀၂၃ ရက်နေ့မှာတော့ အကြမ်းဖက်သမားများဟာ တပ်ရင်းမှူးကျဆုံးသွားတာကို သိရှိသွားတဲ့ အတွက် မိမိတပ်ဖွဲ့များ စိတ်ဓာတ်ကျဆင်းနေပြီအထင်နဲ့ အင်အားအလုံးအရင်းသုံးကာ Drop ဗုံးများ အဆက်မပြတ်ချပြီး ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်လာတဲ့ အကြမ်းဖက်သမားများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ရန်သူ့တိုက်စစ်အဟုန် ရပ်တန့်သွားပြီး အကြမ်းဖက်သမားများလည်း တော်တော်အထိနာသွားခဲ့ပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်သမားများဟာ ချောင်းနှစ်ခွရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကာ ကျေးရွာအတွင်းမှနေရာယူပြီး စနိုက်ပါများ၊ RPG များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဟန်းစပီကာများကို အသုံးပြုကာ စခန်းအတွင်းမှာရှိတဲ့ အရာရှိ/စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်များအားလုံး လက်နက်ချအညံ့ခံဖို့ အချိန်တိုင်းအော်ပြောနေခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ ဘယ်လိုပင်ပြောဆို စည်းရုံးနေပါစေ စစ်သည်တွေရဲ့ စိတ်ဓာတ်တွေက ယိုင်နဲ့မသွားခဲ့ပါဘူး။

အကြမ်းဖက်သမားတွေဟာ စစ်သည်တွေအညံ့မခံမှန်းသိတော့ နေ့စဉ် စခန်းကို အကြိမ်ကြိမ်ဝင်တိုက်ပြီး ဖိအားပေးတဲ့အပြင် စခန်းအတွင်း သောက်သုံးရေ ထပ်မံမဖြည့်တင်းနိုင်အောင် ဖြတ်တောက်ပိတ်ဆို့ ထားပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားသည့်ကာလ ၂၄ ရက်မြောက်နေ့ ၃-၁၂-၂၀၂၃ ရက်နေ့မှာတော့ ချောင်းနှစ်ခွစခန်းအတွင်းမှာ သောက်သုံးရေ တော်တော် နည်းပါးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ကြီး ဇေယျက သွက်လက်ချက်ချာပြီး မြေအနေအထားကျွမ်းကျင်တဲ့ စစ်သည် ၄ ဦးကို ရွေးထုတ်ကာ ရေခပ်မည့် အစီအစဉ်ကို ဆောင်ရွက်ပါတော့ တယ်။

ရေခပ်မည့်အချိန်ကတော့ ည ၁၂ နာရီနောက်ပိုင်းမှာ ခပ်မှာဖြစ်ပြီး ဗိုလ်ကြီး ဇေယျ ကိုယ်တိုင် စစ်သည် ၄ ဦးနဲ့အတူ သွားခပ်မှာဖြစ်ပါတယ်။ အကယ်၍ ရေခပ်ချိန်မှာ တစ်စုံတစ်ခုဖြစ်သည့်အသံကြားပါက စခန်းပေါ်ကနေလုံးဝ ဆင်းမလာဖို့နဲ့ ရေခပ်တဲ့အဖွဲ့ကို ပစ်ကူပေးနိုင်ရန် အသင့်ပြင်ဖို့ မှာကြားခဲ့ပါတယ်။

ဗိုလ်ကြီး ဇေယျနဲ့အဖွဲ့ဟာ အန္တရာယ်ကြားမှ သောက်သုံးရေအတွက် အထိခိုက်မရှိဘဲ ခပ်နိုင်ခဲ့ပါတယ်။ သောက်ရေအတွက်အဆင်ပြေသွားပေမယ့် ရိက္ခာအတွက် အခက်အခဲဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ လေကြောင်းထောက်ပံ့မှု မရရှိသေးတဲ့အပြင် ရိက္ခာရှာဖို့အခက်အခဲရှိတဲ့အတွက် ဆက်သွယ်ရေးမြောင်း အတွင်း ပေါက်နေသည့် ဘာပင်မှန်းမသိတဲ့ အပင်တွေကို ဆားခပ်ကာ ပြုတ်သောက်ခဲ့ရပါတယ်။

၅-၁၂-၂၀၂၃ ရက်နေ့မှာတော့ လေယာဉ်ဖြင့်ရိက္ခာလာပို့မည်ဖြစ်ကြောင်း “မင်းတို့ဘာတွေလိုအပ်သလဲ လိုတာပြော”ဟု ဗျူဟာမှူးမှ ပြောဆိုလာတဲ့အတွက် စခန်းမှာရှိတဲ့စစ်သည်တွေက “ အဘရေ ကျွန်တော်တို့ကို ဆေးလိပ်နဲ့ ကျည်ဆံသာချပေးပါ စခန်းလုံးဝမကျစေရဘူး အသက်နဲ့ရင်းပြီးအာမခံတယ် ” ဆိုပြီး တောင်းဆိုကြတယ်။ ဒီလိုတောင်းဆိုမှုကြောင့် ဗျူဟာမှူးမှ စစ်သည်တွေ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူကာ ရိက္ခာချပေးမယ့်လေယာဉ်နဲ့ ထည့်ပေးလိုက်ပါတယ်။

၆-၁၂-၂၀၂၃ ရက်နေ့မှာတော့ တပ်မတော်(လေ)မှ လေကြောင်းဖြင့် ရိက္ခာများထောက်ပံ့ပေးခဲ့ပါတယ်။ လေကြောင်းမှ ချပေးလိုက်တဲ့ ရိက္ခာထုပ်တွေနဲ့ ကျည်ဆံထုပ်တွေကို သယ်ဆောင်ချိန်မှာ အကြမ်းဖက်သမားများမှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် ရိက္ခာထုပ်တက်ဆွဲနေတဲ့ တပ်သား သိန်းထိုက်အောင် ကျည်ဆံထိမှန်ခဲ့ပါတယ်။ ဒီလိုထိမှန်ပြီး ဒဏ်ရာရနေတဲ့ တပ်သား သိန်းထိုက်အောင်ဟာ ကိုယ့်ရဲဘော်ရဲဘက်တွေအတွက် ရိက္ခာထုပ်နဲ့ကျည်ဆံ ထုပ် ၂ ထုပ်ကို စခန်းအပေါ်သို့ ရောက်အောင် ဆွဲနိုင်ခဲ့ပေမယ့် သူ့အသက်ကိုတော့ ပြန်မဆွဲနိုင်ခဲ့တော့ပါဘူး။

စခန်းအပေါ်ရောက်ပြီး ဒဏ်ရာကြောင့် သွေးအလိမ်း လိမ်းဖြစ်နေတဲ့ တပ်သား သိန်းထိုက်အောင်ကို ဗိုလ်ကြီး ဇေယျနဲ့ ဆေးတပ်သားက ချက်ချင်း ဆေးကုပေမယ့် သွေးထွက်လွန်နေပါပြီ။ ကိုယ့်အခြေ အနေကိုသိနေတဲ့ တပ်သား သိန်းထိုက်အောင်ဟာ ဗိုလ်ကြီး ဇေယျကို “ ဗိုလ်ကြီးရေ တပည့်တာဝန်ကျေပါ တယ်နော်… တာဝန်တွေထပ်ပြီး ထမ်းဆောင်ချင်သေးပါတယ်… ဒါပေမယ့် ကျွန်တော်မရတော့ဘူး” ပြောဆိုပြီး ခေတ္တခဏ အကြာမှာပဲ စစ်သည်တော်ကောင်းတစ်ယောက် တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။

(အပိုင်း -၃ အား ဆက်လက်ဖော်ပြပေးပါမည်)

#ချောင်းနှစ်ခွ#