ချန်ပီယံဖြစ်သွားပေမယ့် ပြိုင်ဘက်ပရိသတ်တွေ လိုက်ဗျင်းတာခံလိုက်ရတဲ့ ဘာစီလိုနာ

အက်စ်ပန်ညိုပရိသတ်တွေက ကွင်းထဲအထိ ဝင်လာခဲ့တာပါ။

ဘာစီလိုနာဟာ မနေ့ညက အက်စ်ပန်ညိုနဲ့အဝေးကွင်းမှာ ၂-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် ဒီရာသီမှာ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအတွက် ဂိုးတွေကို လီဝန်ဒေါစကီးက နှစ်ဂိုး၊ အဲလက်စ်ဘေလ်ဒီ၊ ကွန်ဒေးတို့က သွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီရာသီ လာလီဂါမှာ လက်ကျန် (၄) ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို (၁၄) မှတ် ဖြတ်နိုင်ခဲ့တာကြောင့် အခုလိုမျိုး စောစောစီးစီး အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒါက ဘာစီလိုနာအတွက် (၄) နှစ်ကြာမှ လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် ပွဲအပြီးမှာတော့ ဘာစီလိုနာ ကစားသမားတွေက အက်စ်ပန်ညိုရဲ့ အိမ်ကွင်းအတွင်းမှာပဲ အောင်ပွဲခံခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ ဆုဖလားနဲ့ အောင်ပွဲမခံသေးပေမယ့် ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တဲ့ ပထမဆုံးပွဲဖြစ်ခဲ့တာကြောင့် ကွင်းထဲမှာပဲ အောင်ပွဲခံခဲ့တာပါ။ ဒါပေမယ့် ဘာစီလိုနာ ကစားသမားတွေရဲ့ အပျော်က ကြာကြာမခံခဲ့ပါဘူး။

အကြောင်းကတော့ ကတ်တလန်အသင်းတစ်သင်းပဲဖြစ်တဲ့ အက်စ်ပန်ညိုရဲ့ ပရိသတ်တွေက ကွင်းထဲအထိ ဆင်းပြီး ဘာစီလိုနာ ကစားသမားတွေကို ရန်မူဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာ ကစားသမားတွေ အဝတ်လဲခန်းထဲ ပြေးဝင်ခဲ့ရပြီး ဒီအချိန်ထိတောင်မှ အက်စ်ပန်ညိုပရိသတ်အချို့က ထိုင်ခုံတွေ၊ နံပါတ်တုတ်တွေ၊ အခြားဝတ္ထုတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

လုံခြုံရေးတွေကလည်း အက်စ်ပန်ညိုပရိသတ်တွေကို တားဆီးခဲ့ရပြီး ဘာစီလိုနာအတွက်တော့ အပျော်ကနေ အပျက်ဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ ဒီနှစ် လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် သူတို့အတွက် (၂၇) ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

credit