ပြည်ပထွက်ခွာခွင့်နှင့်ပတ်သတ်ပြီး ထုတ်ပြန်ချက်မရှိပါ

လက်ရှိမှာ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်ပြီး မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန် ဆောင်ရွက် ထားခြင်း မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန် ထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် အသက်သွင်းခြင်းအပေါ် အခြေခံကာ ပြည်ပထွက်ခွာခွင့် နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများမှာ မဟုတ်မမှန်သတင်းများ ဖြန့်ဝေကာ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန် စိတ်များ ဖြစ်ပေါ်စေရန် လှုဆော်မှုများ ပြုလုပ်လျက်ရှိနေတာ ဖြစ်ပါတယ်။

အခုလိုလှုဆော်မှုများနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးစာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူများရဲ့ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တားဆီးခြင်း မရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ထွက်ဂိတ်များမှ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိတယ်လို အသိပေးကြေညာထားပါတယ်။

အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာလေဆိပ်များမှာ အသိပေးထုတ်ပြန်ထားတယ်လို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။