ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသအတွင်း ခရီးသွားရာသီစတင်နေပြီ ဖြစ်သောကြောင့် ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များအနေဖြင့် မြိတ်ကျွန်းစုဒေသရှိ စမတ်ကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်းနှင့် ဒုံးညောင်မှိုင်းကျွန်း များကို  လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါသည်။

မြိတ်ကျွန်းစုခရီးစဉ်တွင် နေချင်းပြန်ခရီးဖြစ်ပါက လူတစ်ဦးလျှင် ငွေကျပ် ၃၀၀,၀၀၀ ခန့်ကျသင့်ပြီး ညအိပ်ခရီးဖြစ်ပါက ငွေကျပ် ၄၅၀,၀၀၀ ခန့်ကျသင့်မည်ဖြစ်ပါသည်။ မြိတ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်း ၄၂ ခုခန့် ရှိသည့်အနက် ယခုလက်ရှိတွင် ကုမ္ပဏီ ၁၀ ခုခန့် ပြန်လည်ဝန်ဆောင်မှုများပေးလျက် ရှိပါသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းနယ်မြေသို့ ဘုရားဖူးခရီးသည်များနှင့် အပန်းဖြေခရီးလာရောက်လည်ပတ်သူများဖြင့် ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ခရီးသွားတစ်သိန်းကျော်အထိရှိပြီး သီတင်းကျွတ်ပိတ်ရက်များတွင် ခရီးသွားများ အလွန်များပြားခဲ့သောကြောင့် ပုဂံမြို့ဟောင်းနှင့် ညောင်ဦးမြို့ကြားရှိ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် စည်ကားလျက်ရှိခဲ့ကြောင်း သိရှိရပါသည်။