ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော အစာအိမ်လေဖောင်းရောဂါအကြောင်း

ရောဂါဖြစ်ရသည့် အကြောင်းရင်းများကတော့ မိုးရာသီတွင် များစွာပေါက်ရောက်လေ့ရှိသော မြက်နုစိုပေါက်များ၊ နှံစားပင်ပေါက်အစိုနုများကို ကျွဲ၊ နွားများက အလွန်စားမိကြရာမှ ၎င်းအစာနုလေးများမှာ အစာအိမ်ထဲတွင် အခိုးအငွေ့လေးများဖြစ်ပြီး လေပွခြင်း၊
ထိုအစာနုလေးများတွင် တွယ်ကပ်ပါသွားကြသော ပိုးကောင်၊ ပျကောင်လေးတို့ကြောင့်လေပွခြင်းတို့ပဲ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
(၁)အစာအိမ်လေဖောင်းရောဂါဖြစ်ပါက ကျွဲ၊ နွား၏ ဘယ်ဘက်ရှိ အစာအိမ်သည် ပူဖောင်းကဲ့သို့ လေများပြည့်တင်းနေပြီး လက်ဖြင့်
ပွတ်ကြည့်လျှင် “ဗုံဗုံ” ဟူသော လေသံကို ကြားရပါတယ်။
(၂) အစာအိမ်တွင် လက်ရာများ ထင်ကျန်ခြင်းမရှိတော့ဘဲ လေ၏ တွန်းကန်မှုကို တွေ့ထိရပါတယ်။
(၃) အသက်ရှူနှန်းမြန်ခြင်း၊ ဆီးနှင့် ဝမ်းပျော့ပျော့ မကြာခဏသွားခြင်း။
(၄) မြေကြီးကို ခွာဖြင့် မကြာခဏပေါက်နေခြင်း( ဝမ်းဗိုက်ထဲက လေနာခံစားနေရသောကြောင့် ဖြစ်ပါတယ်။ )
(၅) အိပ်လိုက်၊ ရပ်လိုက်ဖြင့် အငြိမ်မနေဖြစ်နေခြင်း စသည့်လက္ခဏာများကို တွေ့ရတတ်ပါတယ်၊။
သတိပြုရန်
လေဖောင်းရောဂါဖြစ်နေသော ကျွဲ၊ နွား၏ အစာအိမ်သည် မူလထက် ပိုမိုကြီးထွားလာပြီး ခန္ဓာကိုယ်၏ အရှေ့ဘက်ရှိအဆုတ်ကို ဖိညှစ်ထားသဖြင့် အသက်ရှူကျပ်လာရာမှ အချိန်မီကုသခြင်း မပြုလုပ်ပေးနိုင်လျှင် အသက်ရှူကျပ်ပြီး ရုတ်တရက်လဲကျသေဆုံးတတ်ပါတယ်။
ကုသခြင်း
ရောဂါအခြေအနေအရ ကျွဲ၊ နွား၏ ခါးလယ်ပိုင်းကို ခါးညှပ်သွင်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျွဲ၊ နွားရပ်နေသည့်အချိန် နဖူးကြိုးမှ ဆွဲကိုင်ထားပြီး အခြားတစ်ယောက်မှ ကျွဲ၊ နွား၏ ပါးစပ်ကို ဖြဲ၍ လျှာကို လက်ဖြင့်ကိုင်ကာ သွင်းလိုက်ထုတ်လိုက်( လေထိုးသကဲ့သို့ ပြုလုပ်ပေးရပါမယ်။) ထိုအခါ ကျွဲ၊ နွား၏ ပါးစပ်မှ လေချဥ်များ “ဂွီဂွီ”ဟု အသံမြည်ကာ ထွက်လာပါလိမ့်မယ်။
ကျွဲ၊ နွားများမှာလည်း သက်သာ၍ အနည်းငယ် ငြိမ်သွားစဥ် အခြားတစ်ယောက်က နောက်မှနေ၍ ကျွဲ၊ နွား၏ စအိုထဲသို့ လက်နှိုက်၍
အူလမ်းကြောင်းမှလေများ စမြင်းတုံးများကို ဖယ်ရှားထုတ်ပစ်ရပါမယ်။ ကျွဲ၊ နွား၏ စအိုထဲသို့ လက်နှိုက်သည့်အခါ လက်ကို ဆပ်ပြာနှင့် သုတ်ပြီးမှ နှိုက်ရမည်ကို အထူးသတ်ပြုစေလိုပါတယ်။ အဲ့ဒီနောက် င်္ဘောရိုးအခေါင်းပွကို တစ်တောင်ခန့်ဖြတ်ယူပြီး ကျွဲ၊ နွား၏ စအိုအတွင်းသို့ လေချူလိုက်သကဲ့သို့ တန်းလန်းထည့်ပေးရမည်။ သို့မှ လေများ မကြာခဏ ထွက်နေပါလိမ့်မည်။
အထက်ပါပြုစုခြင်းကို စိတ်ချရလောက်သည့်အချိန်အထိ ဆက်လက်ပြုလုပ်ပေးရပါမည်။ လုံးဝကောင်းမွန်သည့် အခြေအနေသို့ရောက်လျှင် အိမ်သုံးဆား လက်တစ်ဆုပ်စာလောက်ကို ကျွဲ၊ နွား၏ ပါးစပ်အတွင်းသို့ ထည့်ခွံပေးပါ။ ရေကျက်အေး အနည်းငယ်ကို တိုက်ပေးရပါမည်။ အစာကြမ်းကို လုံးတမကျွေးရသေးပါ။
ထမင်းရည်ကိုသာ တိုက်ပေးရပါမည်။ စားမြုံပြန်၍ လန်းလန်းဆန်းဆန်းဖြစ်လာသည့်အခြေအနေသို့ ရောက်လာသည့်အခါမှသာ အစာကျွေး၍ ပုံမှန်အသုံးပြုရပါမည်။
အစာအိမ်လေဖောင်းခြင်းသည် ကျွဲ၊ နွားများအတွက် အသက်အန္တရာယ်အနီးဆုံးနှင့် အမြန်ဆုံးဖြစ်တတ်၍ ကျွဲ၊ နွားမွေးမြူသူများအနေဖြင့် အထူးဂရုစိုက်ရပါမည်။

(အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်။)