ကျောက်ဖရုံသီးစိုက်ပျိုးနည်း

ကျောက်ဖရုံပင်ဟာတစ်နှစ်ခံနွယ်ပင်မျိုးဖြစ်ပါတယ်။ အဖြူရောင် သို့မဟုတ် သံချေးရောင် အမွေးကလေးများဖြင့် ဖုံးလွှမ်းနေတတ်ပါတယ်။ ပင်စည် တောင့်တင်းပြီး နွယ်နှာမောင်း ၃ ခုဖြာထွက်ပါတယ်။

အရွက်ဟာ တောက်ပသော အစိမ်းရောင် ဖြစ်ပါတယ်။ အမွေးများရှိ၍ အောက်မျက်နှာပြင် တွင် ပို၍ အမွေးထူပါတယ်။ နှလုံးပုံဖြစ်ပြီး အဝိုက် ၅-၇ ခုရှိပါတယ်။ အဝိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ပုံရှိပါတယ်။

အပွင့်မှာအဝါရောင်ဖြစ်ပါတယ်။

အသီးမှာ တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင် ရောနေတတ်ပါတယ်။ နုစဉ် အခွံပျော့၍ ရင့်သော် ကြွပ်ဆတ်ပြီး မာတတ်ပါတယ်။ဖရုံ စေ့များ ပြားပြီး အဖြူရောင် ရှိပါတယ်။

ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့် သောက်လျှင်ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါ ပျောက်ကင်းသက်သာစေပါတယ်။

စိုက်ပျိုးသည့်ရာသီ- မိုးနှောင်းကာလတွင် မြေလွတ်စိုက်ပျိုးကြပြီးတစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါတယ်။ အချို့ဒေသများတွင် သစ်ပင်ကြီးများ၊ တဲများပေါ်တွင်တင်၍ နှစ်ပတ်လည်စိုက်ပျိုးကြပါတယ်။

စိုက်ပျိုးပုံ – အစေ့ကို တိုက်ရိုက် ချစိုက် နိုင်ပါတယ်။ ကျင်းအနက် တစ်တောင် ၊ အကျယ် ၄ ပေ ပတ်လည် တူး၍ မြေဆွေး ၅၀ % ခန့် ရောစပ်ပြီး ဖရုံစေ့များကို အစေ့မြှပ်ရုံမျှ စိုက်နိုင်ပါတယ်။
စင်တင်စနစ်၊ မြေလွတ်စနစ် မည်သည့်စနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ ဘောင်ဆွဲ၍ စိုက်ပျိုးရပါတယ်။

မြေသြဇာကျွေးခြင်း- သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကို ရော၍ စိုက်ပျိုးပြီး ဘောင်မြေကိုဆွကာ သမအောင်မွှေ၍ ထည့်ပေးပါ။ စင်တင်စိုက်ပျိုးမှုတွင် အကျယ် ၃ပေ၊ အမြင့် ၁ပေ ဘောင်ပြုလုပ်၍ စိုက်ပျိုးပါ။စိုက်ပျိုးသည့်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါတယ်။

မြေလွတ်စိုက်ပျိုးမှုစနစ်တွင် အကျယ် ၂ပေ၊ အမြင့် ၁ပေ ဘောင်ပြုလုပ်၍ တစ်ပင်နှင့် တစ်ပင် ၂ပေကြားပြုလုပ်ကာ နှစ်တန်းစိုက်ပျိုးနိုင်ပါတယ်။တစ်ဘောင်နှင့် တစ်ဘောင် ၁၅ပေ၊ ပေ၂၀ ခြား၍ ဘောင်ဆွဲလျှင် တစ်ဧက အပင် ၂၀၀၀ ဝန်းကျင်စိုက်ပျိုးနိုင်ပါတယ်။

အပင်ကြီးထွားစဉ် ရေငတ်ဒဏ် အသင့်တင့်ခံနိုင်ပြီး အသီး စတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးဖို့လိုအပ်သည်။ ခြောက်သွေ့ သော ဒေသများတွင် လိုအပ်သည့် အစိုဓာတ်ရအောင် ရေလောင်း ပေးရန်လိုပါတယ်။

အပင်ပြုစုခြင်း- ပိုးမွှားရောဂါကို အခြား ဘူး၊ ဖရုံမျိုးရင်းဝင် အပင်များထက် ပိုမိုခံနိုင်သော်လည်း ရောဂါကင်းလေ အသီးထွက်မှု ပို၍တာ ရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားများကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

ရိတ်သိမ်းခြင်း- စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်း စတင် အသီးသီး ၍ ဆွတ်ခူးနိုင်သည်။ကျောက်ဖရုံသီးသည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင် နှစ်ပတ်လည် ထား သင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကို အလုံးလိုက် သဘာဝအတိုင်း သိုလှောင်ခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်း ပိုမို ကောင်းမွန်ပါတယ်