ကျိုက်ထို နှင့် ဘီးလင်းတို့မှရေဘေးသင့် ပြည်သူများအခက်အခဲရှိနေ

မွန်ပြည်နယ် ကျိုက်ထိုမြို့ နှင့် ဘီးလင်းမြို့တို့တွင် နေ့စဉ် ရက်ဆက် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်တစ်ချို့တွင် ရေဝင်ရောက်မှု များပြားပြီး ကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းနေထိုင်သူ ၇၀၀၀ ဦးခန့်ရှိရာ အစားအသောက် အခက်အခဲရှိနေကြောင်း ဗုဒ္ဓဘာသာသာသနာပြန့်ပွားအသင်းချုပ်မှ သိရသည်။

” အခုရက်ပိုင်း နေ့စဉ် မိုးရွာနေတော့ ပြောင်းရွေ့နေထိုင်သူတွေ ရှိလာတော့ အစားအသောက် အခက်အခဲရှိတယ်လို့ အသင်းခွဲက သိရတယ်၊ လက်ရှိတော့ ဒေသခံ စားသောက်ဆိုင်တွေနဲ့ အလှူရှင်တွေက ထမင်းထုပ်တွေ ဝေနေတယ်၊ မိုးကရက်ဆက်ရွာနေတော့ ဆန်ပဲလှူလှူ စားစရာပဲ လှူလှူ၊ အဝတ်အစားပဲလှူလှူ ငွေပဲ လှူလှူ လှူရတယ်၊ အဓိကက အစားအသောက် အခက်အခဲဖြစ်နေတယ် ” ဟု ဗုဒ္ဓဘာသာသာသနာပြန့်ပွားအသင်းချုပ် ဥက္ကဌ ဦးလှဝင်းက ပြောသည်။

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေသည် သြဂုတ် ၅ရက်က ဘီလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ပေခန့် ကျော်လွန်ရောက်ရှိခဲ့ကြောင်း၊ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြုံပြုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကျိုက်ထိုမြို့ နှင့် ဘီးလင်းမြို့တို့၌ ရေ ကျဆင်းနေပြီးဖြစ်သော်လည်း မိုးရွာသွန်းမှုများ ရှိနေကြောင်း၊ ကျိုက်ထိုတွင် ရေဘေးသင့်ပြည်သူ ၁၀၀၀ဦးခန့် နှင့် ဘီလင်းတွင် ရေဘေးသင့်ပြည်သူ ၆၀၀၀ဦးခန့် ရှိနေရာ အစားအသောက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရေဘေးသင့်ပြည်သူများအား အစားအသောက်ဖြစ်စေ အဝတ်အစားဖြစ်စေ မိမိစွမ်းသလောက် ငွေကြေးဖြစ်စေ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် 09 442 074 466၊ 09 402 692 522၊ 09 660 850 399၊ 09 751516204 သို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ကြောင်း သိရသည်။