ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ဆန်းသစ်စို့

မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့ ”DigitALL: Innovation and technology for gender equality” ဟူ၍ဖြစ်သည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးပြီး အမျိုးသားများနှင့်တန်းတူညီမျှရှိစေရန်၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ဂရုပြုအာရုံစိုက်မိလာစေရန်နှင့် အမျိုးသမီးများ၏အခွင့်အရေးများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပနေခြင်းဖြစ်သည်။

၁၉၁၀ ပြည့်နှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးညီလာခံတွင် ဂျာမနီနိုင်ငံမှ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦး၏ အကြံပြုတင်ပြချက်အရ နှစ်စဉ် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အဖြစ် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ခု သတ်မှတ်ပြီး ကျင်းပခဲ့သည်မှာ ၂၀၂၃ ခုနှစ်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။ အမျိုးသမီးများမှာ ပင်ကိုသဘာဝအရ နူးညံ့သိမ်မွေ့ကြသူများ ဖြစ်သည်။ အမျိုးသမီးတို့မှာ လှပတင့်တယ်၍ ကျက်သရေရှိသော အသွင်ကိုဆောင်ခြင်းကြောင့် အမျိုးသားတို့အတွက် ချစ်ခင် နှစ်သက်ဖွယ်ဖြစ်သလို အမျိုးသမီးများ၏ အခန်းကဏ္ဍမှာလည်း မြင့်မားနေပြီဖြစ်သည်။

ဤကမ္ဘာလောကကြီးသည် အမျိုးသမီးများ၏ စွမ်းဆောင်မှုပေါ်တွင်တည်ရှိနေသည်ဟု ဆိုနိုင်သည်။ အမျိုးသမီးမှန်သမျှသည် မိခင်လောင်းများဖြစ်သည်။ လူသားမျိုးနွယ်တို့ကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေသူများဖြစ်သည့်အတွက် လူသားတိုင်း၏ လက်ဦးဆရာသည် မိခင်များဖြစ်သည်။ မိခင်များ၏ သွန်သင်ဆုံးမမှုကောင်းလျှင်ကောင်းသည့်အလျောက် အမျိုးသားကောင်း၊ အမျိုးသမီးကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပေသည်။ ကြမ်းတမ်းခက်ထန်စိတ်ရှိသူက မွေးဖွားသူသည် ကြမ်းတမ်းခက်ထန်သော အပြုအမူမျိုးဖြစ်လာနိုင်သလို နူးညံ့သိမ်မွေ့စိတ်ဖြင့် မွေးဖွားလာသူသည် နူးညံ့သိမ်မွေ့ကာ ကမ္ဘာကြီးကို ကောင်းကျိုးပြုသူ ပေါများလာပေလိမ့်မည်။

ကမ္ဘာကြီးတွင် တစ်ချိန်က အမျိုးသမီးတို့ဘဝသည် တန်းတူအခွင့်အရေးပေးခြင်းမခံခဲ့ရဘဲ နှိမ့်ချဆက်ဆံခြင်းခံခဲ့ကြရသည်။ အလုပ်အကိုင် အခွင့်အလမ်းမှအစပြု၍ အခြားသောလူမှုရေး၊ စီးပွားရေးတို့တွင် ခွဲခြားဆက်ဆံခြင်းခံခဲ့ရသည်။ ကမ္ဘာကြီးတွင် နည်းပညာများ ခေတ်မီတိုးတက်လာခြင်းနှင့်အတူ အမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုစွမ်းရည်ကြောင့် လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နှင့် နိုင်ငံရေးနယ်ပယ်တို့အထိ အမျိုးသမီးတို့ ပါဝင်ဆောင်ရွက်လာနိုင်ကြပြီဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများပေါများလာခြင်းနှင့်အတူ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ပင် လုပ်ငန်းခွင်ဝင်နိုင်ကြပြီ ဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူမျိုးစုတိုင်းအတွက် အရေးအကြီးဆုံးမှာ အမျိုးသမီးများဖြစ်ကြသည်။ အမျိုးသမီးတိုင်း၏ အဓိကတာဝန်ဝတ္တရားမှာ လည်း အမျိုးအနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်။ မြန်မာတို့၏ လူမှုကျင့်ဝတ်ဆိုင်ရာများတွင်လည်း စောင့်လေ မျိုးနွယ်သည် အဓိကနေရာတွင်ပါရှိသည်။ အမျိုးပျောက်မှာ စိုးကြောက်လှသည်ဟူသော ဆောင်ပုဒ်သည် အမျိုးကိုမစောင့်ရှောက်ဘဲ မိမိတို့စိတ်အလိုလိုက်ကာ မျိုးနွယ်ကိုဖျက်ဆီးသူများရှိနေ၍ သတိပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင်လည်း ဤအချက်ကို အလေးထားကြောင်း တွေ့မြင်ကြားသိနေရသည်။ အမျိုးသမီးများကို အမျိုးသားများနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ စွမ်းဆောင်မှု ပညာရပ်ပိုင်းဆိုင်ရာများတွင် တန်းတူရည်တူမျှတစွာရှိနေရမည်ဖြစ်သော်လည်း သဘာဝတရားအရ အမျိုးသမီးတို့သည် လည်း အမျိုးသမီးတာဝန်၊ အမျိုးသားတို့သည်လည်း အမျိုးသားတာဝန်များမှာ သီးခြားစီရှိနေမည်သာဖြစ်သည်။

နိုင်ငံနှင့်လူမျိုးအလိုက် ယဉ်ကျေးမှုဆိုင်ရာများတွင် သူ့နိုင်ငံသူ့ယဉ်ကျေးမှု၊ မိမိနိုင်ငံ မိမိတို့ယဉ်ကျေးမှုကို အစဉ်လေးစား လိုက်နာကြရမည်ဖြစ်သည်။ အမျိုးသမီးမှန်သမျှသည် ဟီရိသြတ္တပ္ပတရားနှစ်ပါးကို အမြဲလက်ကိုင်ထားကြရမည်သာ ဖြစ်သည်။ အရှက်အကြောက်ကင်းမဲ့မည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာကြီးတွင် ယဉ်ကျေးမှုများ ဆုတ်ယုတ်နေတော့မည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးတိုင်းသည် အသိပညာ၊ အတတ်ပညာများတတ်ကျွမ်းပြီး စဉ်းစားဆင်ခြင်ဆုံးဖြတ်မှု မှန်ကန်ရန် လိုအပ်လှပေသည်။

မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပေရာ နိုင်ငံ့တာဝန်ထမ်းဆောင်မှုများတွင် အမျိုးသမီးများကိုလည်း တန်းတူအခွင့်အရေး ပေးထားပြီးဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုတစ်ရပ်လည်းဖြစ်ပြီး နိုင်ငံအတွက်အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်သည်။ မြန်မာနိုင်ငံရှိ အမျိုးသမီး တို့မှာလည်း တတ်ကျွမ်းသော ပညာရပ်များအလိုက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လျက်ရှိကြရာ ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့ ဆောင်ပုဒ်နှင့်အညီ နည်းပညာဆန်းသစ်မှုများတွင် အမျိုးသားများနှင့် တန်းတူစွမ်းဆောင်နိုင်ရေး ကြိုးပမ်းကြရန် ဖြစ်ပါကြောင်းရေးသားလိုက်ရပေသည်။ 

credit