ကော်မကပ်စေနဲ့

တရားနဲ့ဝေးတဲ့ ပုဂ္ဂိုလ်တွေဆိုရင်
တရားလိုပြောလိုက်တာနဲ့
ပျင်းစရာကြီးလို အောက်မေ့တယ် ၊
မဟုတ်ဘူး ၊
တရားဟာ မိမိရဲ့ဘဝပဲ၊ ကိုယ့်ဘဝပဲ။

တရားလို့ပြောလိုက်တာနဲ့
အမျိုးသမီးတွေကမယ်သီလရှင်ဝတ်ရမှာလား ၊
အမျိုးသားတွေကဘုန်းကြီးဝတ်ရမှာလား ၊
ဒီလိုမဟုတ်ပါဘူး၊ မဟုတ်ဘူး၊

မိသားစုနဲ့နေရင်းလည်း
တရားဆိုတာရတယ် ၊
ကျင့်ဖို့ရာအဓိကဖြစ်တယ်ပေါ့ ၊
နှလုံးသွင်းတရားဟာ
အင်မတန်မှ အရေးကြီးတယ် ။

မြတ်စွာဘုရား လက်ထက်တုန်းက
မိသားစုနဲ့နေရင်းနဲ့ သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ်တွေဖြစ်တာ ရှိတာပဲ၊
နောက်ဆုံး ရဟန္တာဖြစ်သွားတာ၊
ရဟန္တာဖြစ်သွားရင်တော့
သူကမိသားစုနဲ့ မနေတော့ဘူးပေါ့၊
အနာဂါမ်ဖြစ်သည်အထိအောင်တောင်မှ
မိသားစုအသိုင်းအဝိုင်းထဲမှာ ရှိနေသေးတာပဲ။

အဲဒီလိုတရားဆိုတာ
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်
ကျင့်တဲ့ပုဂ္ဂိုလ်မှာ ရနိုင်တာပါပဲ။

တကယ်တော့ သံယောဇဉ်ဆိုလို့ရှိရင်
လူတွေကထင်ကြတယ်။
ပစ္စည်းသံယောဇဉ်၊ သားသံယောဇဉ်၊
သမီးသံယောဇဉ်ဆိုတော့
ပစ္စည်းကို စွန့်ရမှာလား၊
သားကိုစွန့်ရမှာလား၊
သမီးကိုစွန့်ရမှာလား၊
ဘယ်ဟာမှစွန့်စရာမလိုဘူး။

စွန့်ရမှာက ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့
တွယ်တာမှုကို စွန့်ရမှာ၊
အဲဒီတော့ အစွန့်မှားတတ်တယ်နော်၊
အစွန့်မှားတတ်တယ်၊
အတွယ်အတာမရှိဘဲနဲ့နေလိုမရဘူးလား၊
ရတာပေါ့၊ အတွယ်အတာမရှိဘဲနဲ့နေတာ
မေတ္တာ နဲ့ နေတာပဲ။
မိသားစုထဲမှာလည်း
အတွယ်အတာကင်းပြီး နေလိုရတယ် ။

ကြည့်လေ
စက္ကူရွက်ကလေးနှစ်ခု အတူတူထား ၊
စက္ကူကလေးနှစ်ခုပူးထား၊
ဟော အချိန်မရွေး ဒီစက္ကူကလေးနှစ်ခုက
တစ်ခုနဲ့တစ်ခု ကပ်မနေဘူးလေ၊
ထိနေပေမယ့် ကပ်နေတာမဟုတ်ဘူး၊
အဲဒီကြားထဲမှာ Glue ဆိုတဲ့ကော်လေး
မထည့်လိုက်နဲ့။
ထည့်လိုက်ရင်တော့
ဒီနှစ်ခုက ပူးကပ်သွားမှာပဲ။

အဲဒီတော့
ကော်နဲ့ အလားတူတဲ့ သံယောဇဉ်ဆိုတာ
အဲဒီတွယ်တာမှုကိုပြောတာ၊
အဲဒီမှာ ကော်ကိုသာခွာခိုင်းတာ။
ဟိုဘက်စက္ကူကိုလည်း ဆုတ်ပစ်ဖို့မလိုဘူး။
ဒီဘက်စက္ကူကိုလည်း ဆုပ်ဖို့လည်းမလိုဘူး။

အဲဒီတော့
သားစွန့်ဖို့လည်းမလိုဘူး၊
သမီးစွန့်ဖိုလည်းမလိုဘူး၊
ရာထူးစွန့်ဖို့လည်းမလိုဘူး၊
လိုတာ ဘာတုန်းဆိုရင်
တွယ်တာမှုကို စွန့်ဖို့
ဒီလိုဆိုလိုတယ် ။ 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ