ကိုဗစ်ရောဂါပိုးတွေ ပြည်ပကနေဝင်ရောက်မလာမှီ ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့နှိုးဆော်ထား

မြန်မာနဲ့ အနီးဆုံးအိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ လူဦးရေရဲ့ ၈၀ရာခိုင်နှုန်း မျိုးပြောင်းကိုဗစ်ပိုးတွေ ကူးစက်ခံထားရတယ်လို့ သတင်းထုတ်ပြန်မှုအပြီး မြန်မာနိုင်ငံအနေနဲ့လည်း ပြည်ပကဝင်ရောက်လာမယ့် ကိုဗစ်ပိုးတွေကို ကာကွယ်နိုင်ဖို့ အသက်၆၀အထက် အရွယ်ရှိသူတိုင်း ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ နှိုးဆော်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

ကိုဗစ်မျိုးပြောင်း ရောဂါပိုးတွေဟာ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါ ရှိသူတွေမှာ ကူးစက်ခံရရင် ရောဂါပိုမိုပြင်းထန်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်တာကြောင့် ထိခိုက်မှုအလွယ်ဆုံးဖြစ်နိုင်တဲ့ အုပ်စုတွေဟာ booster ထပ်ဆောင်းကာကွယ်ဆေးလိုအပ်တယ်လို့ ဆိုပါတယ်။

ထပ်ဆောင်းကာကွယ်ဆေးဟာ ကိုဗစ်ဆေးထိုးပြီး ၆လပြည့်တိုင်း ထပ်မံထိုးနိုင်တာဖြစ်ရာ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၁ရက်နေ့အထိ လူဦးရေ ၃၇သန်း နီးပါးကို ကိုဗစ်ကာကွယ်ဆေးများထိုးနှံထားရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။