ကိုဗစ်ကာလကတည်းက ရပ်နားထားရတဲ့ မြိတ်ကျွန်းစု ခရီးစဥ်တွေ ပြန်စမယ်

ကိုဗစ်ကာလကတည်းက ရပ်နားထားရတဲ့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းတွေ အောက်တိုဘာလကုန် ပြန်စမယ်လို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ခရီးသွားလုပ်ငန်းရှင်အသင်းတွေက ခရီးစဥ်ကျွန်းစုတွေကိုလေ့လာမှုတွေ လုပ်ခဲ့ပြီးပါပြီ။ ခရီးသွားကုမ္ပဏီ ၂၀ လောက်ကနေ ၈ ခုလောက်ကအရင် သီတင်းကျွတ်ရာသီကစပြီး ဝန်ဆောင်မှုတွေပေးတော့မှာပါ”လို့ ​မြိတ်ခရိုင်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြိတ်ကျွန်းစုခရီးစဥ်မှာ လေးကျွန်း၊ သမီးလှ၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်း၊ ကြယ်လိပ်၊ ဘေလီစတဲ့ ခရီးစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ခရီးစဥ်နှုန်းထားတွေအနေနဲ့ တစ်ဦးကို ကျပ် နှစ်သိန်းမှ သုံးသိန်းခွဲထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မြိတ်ကျွန်းစုဒေသအတွင်း ကျွန်းပေါင်း ၈၀၀ ကျော် တည်ရှိပြီး ရေပေါ်ရေအောက်ရှုခင်းတွေ၊ ဆလုံလူမျိုးအကြောင်းတွေ လေ့လာကြည့်ရှုနိုင်တဲ့အပြင် ရေကူးခြင်း၊ ရေငုပ်ခြင်း၊ လှေစီးခြင်းတွေ ပြုလုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။