ကိုကိုးကျွန်းဟာ ဘယ်လိုမျိုးအရေးပါတဲ့ကျွန်းလဲ?

ကိုကိုးကျွန်းသို့ အလည်သွားချင်တဲ့သူတွေအတွက် ကိုကိုးကျွန်းအကြောင်း ဗဟုသုတအနေနဲ့ သိစေချင်လို့ အတိုချုပ်ရှင်းပြလိုက်တယ်နော်….။

ကိုကိုးကျွန်းဟာ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ် အော် (Bay of Bengal) ဆက်စပ်နေရာတွင်တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းတို့အပါအဝင် ကျွန်းပေါင်း ၁၂ ကျွန်းရှိပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်း တို့ တည်ရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင် အကျယ်ဆုံး ပင်လယ်အော်ဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်( Andaman Sea) သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်အစွန်အဖျားအကျဆုံးရေပြင်ဖြစ်ကာ အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံ ကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိပါတယ်။

ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ် ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက်ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြား နှင့်လည်း ဆက်စပ်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ် နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုး ရေလမ်းကြောင်းများ တည်ရှိကာ ၎င်းရေလက်ကြားများမှ နှစ်စဉ် နိုင်ငံခြား ကုန် သွယ်ရေယာဉ် အစီးရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားအတွက် လည်း အဓိကအထောက်အကူပြုပေးနေတဲ့ကျွန်းဖြစ်ပါတယ်…။