ဘရူနိုဖာနန်ဒက်စ်အား ခေါ်ယူရန် ဆော်ဒီလိဂ်မှ စိတ်ဝင်စားနေ

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသည် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထိပ်တန်းကစားသမားများကို ပစ်မှတ်ထားလျက်ရှိရာ ယခုအချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အား စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

ဆော်ဒီပရိုလိဂ်၏ တာဝန်ရှိသူများသည် ဘရူနိုဖာနန်ဒက်စ်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်လျက်ရှိပြီး မည်သည့်ကလပ်အသင်းက ခေါ်ယူလိုသည်ဆိုခြင်းကိုမူ မသိရှိရသေးချေ။

ထို့ပြင် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသည် ပရီးမီးယားလိဂ်၏ အခြားကြယ်ပွင့် ကစားသမားများဖြစ်သည့် ကီဗင်ဒီဘရိုင်းနားနှင့် မိုဟာမက်ဆာလာတို့ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသည် ပေါ်တူဂီကြယ်ပွင့်ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုအား ခေါ်ယူခဲ့ပြီးကတည်းက ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်ခဲ့ပြီး ယခုရာသီတွင်  ဘန်ဇီမာ၊ ကန်တေ၊ မာရက်ဇ်၊ ဖေမီနို၊ ဖာဘင်ညိုတို့အပါအဝင် ထိပ်တန်းကစားသမားများစွာကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းထံသို့ ၂၀၂၀ ခုနှစ်ကမှ ရောက်ရှိလာခဲ့ပြီးနောက် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားသလို၊ အသင်းအတွက် ပွဲပေါင်း (၂၀၀) ကစားခဲ့ရာတွင် (၆၇) ဂိုးအထိ သွင်းယူထားနိုင်သူလည်းဖြစ်သည်။