SAC ဥက္ကဋ္ဌကို အိန္ဒိယနိုင်ငံမှ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ရန် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်ဟု သိရသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက်ဆောင်ရွက်လျက်ရှိမှု၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် တစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန် စေရေးဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာရပ်တည်လျှောက်လှမ်းလျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု၊ အိန္ဒိယနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် NCA အပေါ်အပြည့်အဝယုံကြည်လျက်ရှိမှု နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။