KIA တပ်ဖွဲ့ဝင် ၂ ဦး တပ်မတော်စစ်ကြောင်းထံ လာရောက်အဖမ်းခံ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က KIA တပ်မဟာ ၃ ကနေ ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးဟာ စီအင်(၅)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဝင်ရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

KIA တပ်မဟာ(၃)မှ တပ်ကြပ်အဆင့်ရှိ ရန်နိုင်လင်းနှင့် တပ်သားအဆင့်ရှိ ဝေယံဦးတို့ဖြစ်ပြီး ၎င်းတို့အနေဖြင့် KIA တပ်မဟာ(၃)၊ တပ်ရင်း(၆၁) စခန်းကုန်း၌ တာဝန်ထမ်းဆောင်နေစဥ် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း KIA/PDF အဖွဲ့တွေရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် သတင်းတွေကို နေ့စဥ်ကြား သိရပြီးနောက်ပိုင်း ယခုကဲ့သို့ စခန်းစွန့်ခွာထွက်ပြေးလာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

KIA တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့  ရန်နိုင်လင်းနှင့် ဝေယံဦးတို့ကဲ့သို့ထွက်ပြေးနေသူတွေ အများအပြားရှိကြောင်းလည်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ရွှေမှော်တစ်ခုမှာ အလုပ်လုပ်နေရင်း KIA ရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ ဖြစ်သည်။