Ballon d’Or အမျိုးသား ကစားသမားဆုအတွက်ရေပန်းစားနေတဲ့ မက်ဆီ

၂၀၂၃ ခုနှစ်အတွက် Ballon d’Or ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ အောက်တိုဘာ ၃၀ ရက် (ယနေ့) (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက် နံနက် ၂ နာရီခွဲ) တွင် ကျင်းပမည်ဖြစ်သည်။

ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် Ballon d’Or အမျိုးသား ကစားသမားဆုအတွက် မက်ဆီက အပြတ်အသတ်ရေပန်းစားနေပြီး (၈)ကြိမ်မြောက် ဆွတ်ခူးရရှိမည်ဖြစ်ကြောင်း ခန့်မှန်းသတင်းများစွာထွက်ပေါ်လျက်ရှိသည်။

မက်ဆီ (၃၆ နှစ်)သည် အာဂျင်တီးနားအသင်း ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးရရှိရာတွင် အဓိကအခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား (ရွှေဘောလုံး) ဆုနှင့် ဒုတိယဂိုးအများ ဆုံးကစားသမား(ငွေဖိနပ်) ဆုလည်း ရရှိခဲ့သည်။ ထို့ပြင် မက်ဆီသည် PSG အသင်းနှင့် ၂၀၂၂-၂၀၂၃ ရာသီ လီဂူး-၁ ချန်ပီယံဆု ရရှိထားသည်။

သို့ဖြစ်ရာ ၎င်းအနေဖြင့် Ballon d’Or ဆု ထပ်မံဆွတ်ခူးရရှိပါက စံချိန်မှတ်တမ်းသစ်များစွာ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ကြောင်း စပိန်နိုင်ငံ ထုတ် AS သတင်းစာက ဖော်ပြခဲ့ သည်။ AS သတင်းစာ၏ဖော်ပြမှုအရ မက်ဆီအနေဖြင့် Ballon d’Or ဆုကို ဥရောပပြင်ပတွင် ကစားနေသူက ပထမဆုံးအကြိမ် ဆွတ်ခူးရရှိမှု အဖြစ်လည်းကောင်း၊ မေဂျာလိဂ်ပြိုင်ပွဲနှင့် အင်တာမိုင်ယာမီအသင်းအတွက် ပထမဆုံး Ballon d’Or ဆုရှင်အဖြစ်လည်းကောင်း၊ Ballon d’Or ဆုရရှိသူများအနက် အသက် ၃၆ နှစ်အထက်ရှိသည့် ပထမဆုံးကစားသမားအဖြစ်လည်းကောင်း၊ Ballon d’Or ဆုကို မတူကွဲပြားသည့် ကလပ်အသင်းသုံးသင်း (ဘာစီလိုနာ၊ PSG၊ အင်တာမိုင်ယာမီ) ကိုယ်စားပြု၍ ပထမဆုံးရရှိသူအဖြစ်လည်းကောင်း စသည့်စံချိန်မှတ်တမ်းများ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။

ယခုနှစ် Ballon d’Or ဆုရရှိ ရန် မက်ဆီက အလေးပေးမှု ၁/၇ ဖြင့် အပြတ်အသတ်ရေပန်းစားနေခြင်းဖြစ်ပြီး မန်စီးတီးအသင်းနှင့် သမိုင်းဝင်ဖလားသုံးလုံးချန်ပီယံ အောင်မြင်မှုအပြင် တစ်ဦးချင်းစံချိန် များစွာရယူနိုင်ခဲ့သည့် နော်ဝေကြယ် ပွင့်တိုက်စစ်မှူး ဟော်လန်းက ၁၃/၂ ဖြင့် ဒုတိယ၊ ဒေါ့မွန်အသင်းနှင့် အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြခဲ့သည့် ဘယ်ဟင်ဟမ်က ၂၀/၁ ဖြင့် တတိယနေရာ ရပ်တည်လျက်ရှိ သည်။ Ballon d’Or ဆုကို မက်ဆီက ခုနစ်ကြိမ်(၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉၊ ၂၀၂၁) ဖြင့် အကြိမ်အများဆုံး ရရှိထားသည်။

၂၀၂၃ ခုနှစ်အတွက် ဆုအမျိုးအစားရှစ်ခု ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး Ballon d’Or အမျိုးသားကစား သမားဆု/အမျိုးသမီးကစားသမားဆု၊ အမျိုးသား/အမျိုးသမီး ကလပ်အသင်းဆု၊ Kopa Trophy (လူငယ်ကစားသမားဆု)၊Yachine Trophy(ဂိုးသမားဆု)၊ Gred Muller Trophy (တိုက်စစ်မှူးဆု)၊ Socrates Award (လူသားအကျိုးပြုကြိုးပမ်းမှုဆု) တို့ဖြစ်ကြောင်း သိရသည်။

crd eleven