ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ

ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ဆီမီးဖိုင်နယ်အဖြစ် စိန်လုံးချောနှင့် သွေးသစ်မောင်၊ အဲမွီနှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ၂၂  ရက်တွင် ANS Fight Zone ၌ ကျင်းပမည်ဖြစ်ပြီး ANS Facebook Page နှင့် Skynet Sports Channel များမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင်  တွဲဆိုင်း ခြောက်ဆိုင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဓိကတွဲဆိုင်း (၆၃.၅ – ၆၇) ကီလိုတန်း ဆီမီးဖိုင်နယ်အဖြစ်  စိန်လုံးချောနှင့် သွေးသစ်မောင်၊ အဲမွီနှင့် သက်ဝင်းအောင်၊ (၅၂-၅၅) ကီလိုတန်း သုံးချီစိန်ခေါ် ပွဲအဖြစ် ဖြိုးကိုကိုနှင့် သန်းလင်းအောင်၊ (၆၀ – ၆၃) ကီလိုတန်း သုံးချီစိန်ခေါ်ပွဲအဖြစ် နေထက်အောင်နှင့် ပြည့်ဖြိုးအောင်၊ (၆၃-၆၅) ကီလိုတန်း သုံးချီစိန်ခေါ်ပွဲအဖြစ် သီဟနှင့် ကောင်းဆက်နိုင်၊ အမျိုးသမီး (၆၀- ၆၃) ကီလိုတန်း လေးချီစိန်ခေါ်ပွဲအဖြစ် နော်ဥမ္မာစိုး(မြန်မာ) နှင့် ဟေလန်သော(ဆွီဒင်) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

အဓိကတွဲဆိုင်းများဖြစ်သည့် (၆၃.၅ – ၆၇) ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲများမှာ ငါးချီယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံခါးပတ်လုပွဲကို အောက်တိုဘာ ၁၅ ရက်က ကွာတားဖိုင်နယ်အဆင့်မှ စတင်ကျင်းပခဲ့ပြီး ကစားသမား (၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များတွင် စိန်လုံးချောနှင့် ကမ္ဘာရှားပွဲမှာ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ စိန်လုံးချော အနိုင်ရခဲ့သည်။

သွေးသစ်မောင်နှင့် ကျားပေါက်ပွဲမှာလည်း အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ သွေးသစ်မောင် အနိုင်ရရှိသည်။

ရဲသွေးနီ နှင့် အဲမွီပွဲမှာမူ ဒုတိယအချီတွင် ရဲသွေးနီ နဖူးကွဲသွားပြီး ဆက်လက်မထိုးသတ်နိုင်သဖြင့် အဲမွီ အနိုင်ရခဲ့သည်။

ဇွဲရာမာန်နှင့် သက်ဝင်းအောင်ပွဲမှာ ဒုတိယအချီတွင် ဇွဲရာမာန် အနားတောင်ခဲ့ရပြီး အမှတ်စဉ်ရေတွက်ခံရကာ ဆက်လက်မထိုးသတ်နိုင်သဖြင့် သက်ဝင်းအောင် အနိုင်ရရှိခဲ့သည်။