AA စစ်ဒေသမှူးနှင့် တပ်ရင်းမှူးအဆင့်ရှိသူတို့မှ ပလက်ဝဒေသရှိ ရခိုင်ရွာများမှ တာဝန်ခံများအား ဆင့်ခေါ်ကာ အရေးပေါ်အစည်းအဝေး ပြုလုပ်

AA စစ်ဒေသမှူးနှင့် တပ်ရင်းမှူးတို့မှ ပလက်ဝဒေသ၊ ပလပ်ချောင်းတစ်လျှောက်ရှိ ရခိုင်ရွာတာဝန်ခံများ၊ ၎င်းတို့တရားမဝင် ခန့်အပ်ထားသော ULA/AA ရွာတာဝန်ခံများအား ပလက်ဝမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးရှိ ULA/AA စခန်းသို့ ဆင့်ခေါ်ကာ ယနေ့တွင် အရေးပေါ်အစည်းအဝေးများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

၎င်းတို့အားခေါ်ရခြင်းမှာ ULA/AA ရခိုင်လက်နက်ကိုင်အဖွဲနှင့် ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် CAN/CDF အဖွဲတို့ နှစ်ဖက် စစ်ရေးတင်းမာနေသည့် ကိစ္စ၊ နှစ်စဉ်ကြေးအခွန်ကောက်ခံမည့်ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ဖြစ်ကြောင်း သိရှိရပြီး ပြီးခဲ့သည့် ၂၄ – ၆ – ၂ဝ၂၃ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စက်ပစ်ပြင်ကျေးရွာအနီးရှိ ULA/AA စခန်း၌ ကုလားတန်မြစ်ဘေးရှိ ရခိုင်တိုင်းရင်းသား အများစုနေထိုင်သည့် ဒုံးလက်ဝ၊ ထရွန်အိုင်၊ စေတီပြင်နှင့် စက်ပစ်ပြင်ကျေးရွာများမှ ကုန်သည်များ၊ စက်လှေပိုင်ရှင်များ၊ ဈေးဆိုင်ပိုင်ရှင်များအား ခေါ်ယူ၍ ယင်းကိစ္စများနှင့် ပက်သက်၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံရာတွင် AA တပ်ရင်းမှူးဆိုသူမှ “လက်ရှိအချိန်၌ ULA/AA အဖွဲအား ပလက်ဝဒေသမှ မထွက်ခွာပေးပါက စစ်ရေးအရ ဖြေရှင်းမည်ဟု CAN/CDF အဖွဲမှ ဖိအားပေးနေသောကြောင့် နှစ်ဖက်တင်းမာမှုများဖြစ်နေကြောင်း၊ ပလက်ဝဒေသဟာ မိမိတို့တပ်တော်ရဲ့ အရေးကြီးခြေကုပ်နေရာဖြစ်တာကြောင့် မထွက်ခွာရရေး အထက်လူကြီးများမှ ချင်းခေါင်းဆောင်များကို အနုနည်းနှင့် စည်းရုံးနေရကြောင်း၊ ယခင်က ချင်းရွာများတွင် လူသစ်စုဆောင်းမှုနှင့် ငွေ/ရိက္ခာတောင်းလိုရခဲ့သော်လည်း CAN/CDF အဖွဲ့များ ပလက်ဝဒေသဝင်လာသည့်အခါတွင် ချင်းလူမျိုးများမှ အာခံလာ၍ တောင်း၍ မရတော့ကြောင်း၊ မိမိတို့ဖမ်းဆီးထားသည့် ချင်းလူမျိုးများအား ပြန်တောင်းနေသော်လည်း အချို့မှာစစ်ဆေးနေသည့်အချိန် လက်လွန်ထားတာကြောင့် ပြန်လွတ်ပေးဖို့ အခက်အခဲဖြစ်နေကြောင်း၊ ပလက်ဝမြောက်ပိုင်းရှိအချိုရွာများတွင် မိမိတို့လူများ ရံပုံငွေသွားတောင်းချိန် CAN/CDF အဖွဲနှင့်ရွာသားများရဲ့ ဖမ်းဆီးခံထားရမှုများရှိနေသဖြင့် ULA/AA တာဝန်ခံများအနေဖြင့် ချင်းရွာများသို့ သွားမကောက်ကြရန် အမိန့်ထုတ်ထားကြောင်း၊ ရခိုင်လွတ်မြောက်ရေးအတွက် ရခိုင်လူမျိုးများမှာသာ တာဝန်ရှိကြောင်း၊ ၂ဝ၂၃ ခုနှစ် အတွက် ULA အဖွဲထံ နှစ်စဉ်ကြေးရရှိမှုမှာ အလွန်နည်းပါးသွားသည့်အတွက် အခွန်ထမ်းပြည်သူများအနေဖြင့် ယခင်ထက် (၂) ဆ ပေးရမည်ဖြစ်ကြောင်း၊ မပေးသူများအား ဥပဒေအရ စီရင်မည်ဖြစ်ကြောင်း” ပြောဆိုလိုက်သည်ဟု အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့သည့် စက်လှေပိုင်ရှင်တစ်ဦးမှ အတည်ပြု ပြောဆိုထားကြောင်း သိရှိရပါတယ်။