စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာ ဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂) ကျင်းပ

တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂) (Conference on Science and Technology Development – 2022) (CSTD-2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဉီးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာ ဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရှေးဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ တင်သွင်း ခင်းကျင်းပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပိုစတာရှင်များက ရှင်းလင်းတင်ပြကြပါတယ်။

ထို့နောက် ဖိတ်ကြားထားသော ပါမောက္ခများ၏ စာတမ်း ၂ စောင် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ သုတေသနစာတမ်း  ၆၃ စောင် စုစုပေါင်း ၆၅ စောင် ဖတ်ကြားကြပါတယ်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂)ကို အောက်တိုဘာလ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော ပါမောက္ခများ၏ စာတမ်း ၂ စောင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၆ စောင် စာတမ်းစုစုပေါင်း ၅၈ စောင် ဆက်လက်ဖတ်ကြား သွားမည်ဖြစ်ပြီး အကောင်းဆုံးစာတမ်း ၇ ဆုနှင့် အကောင်းဆုံးပိုစတာ ၂ ဆု ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကို ၂၀၁၆ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင် ကိုဗစ် – ၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက် ကျင်းပသည့် ကွန်ဖရင့်ဖြစ်ပါတယ်။

အဆိုပါကွန်ဖရင့်သို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကိုယ်တိုင်လာရောက် စာတမ်းမဖတ်ကြားနိုင်သော Keynote Speaker များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ် များနှင့် ပါမောက္ခများက Video Conferencing ဖြင့် အခမ်းအနားသို့ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်ရှင်။