2024 တွင် ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးအားကစားများမှ ဝင်ငွေပေါင် ၁ ဘီလံယံ ကျော်ရရှိနိုင်မည် ခန့်မှန်း

အမျိုးသမီးထိပ်တန်းအားကစားလောက၏ကမ္ဘာလုံးဆိုင်ရာဝင်ငွေသည် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ပေါင်တစ်ဘီလီယံပမာဏကို ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစစ်တမ်းကို နာမည်ကျော်စာရင်းအင်းကုမ္ပဏီ Deloitte က အမျိုးသမီးအားကစားဝင်ငွေသည် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် မကြုံစဖူးအောင်မြင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပေါင် (၁.၀၂)ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းခဲ့သည်။

အမျိုးသမီးအားကစားနည်းများတွင် ဘောလုံးက ပေါင် (၄၃၉)သန်း၊ ဘက်စကတ်ဘောက  ဒုတိယအများဆုံးအဖြစ် ပေါင် သန်း (၂၈၀) ရှိမည်ဖြစ်ကြောင်း တွက်ဆထားသည်။

ယင်းခန့်မှန်းချက်သည် ပွဲနေ့ ဝင်ငွေ၊ ရုပ်သံလွှင့်ခနှင့် စီးပွားရေးဝင်ငွေများပေါ်တွင် အခြေခံထားကြောင်း သိရသည်။

Deloitte ၏အမျိုးသမီးအားကစားဝင်ငွေခန့်မှန်းချက်သည် ၂၀၂၃ အတွက် ပေါင် (၇၇၁.၈)သန်းနှင့် ၂၀၂၂ အတွက် ပေါင် (၅၅၄.၄) သန်း ရှိခဲ့သည်။

စီးပွားရေးဝင်ငွေတွင် ကလပ်စပွန်ဆာ၊ မိတ်ဖက်နှင့် အမှတ်တရပစ္စည်းရောင်းချရမှုများ ပါဝင်ပြီး စုစုပေါင်း၏ (၅၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ရုပ်သံလွှင့်ခမှ (၂၇) ရာခိုင်နှုန်း၊ ပွဲနေ့ဝင်ငွေမှ (၁၈)ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

မြောက်အမေရိကသည် ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးအားကစားအတွက် ပထဝီဝင်အနေအထားအရ အကြီးဆုံးစျေးကွက်ဖြစ်လာမည်ဟု မျှော်လင့်ရကာ စျေးကွက်ဝေစု (၅၂)ရာခိုင်နှုန်းအထိရှိနိုင်ပြီး အမျိုးသားဘောလုံး အအောင်မြင်ဆုံး ဖြစ်သည့် ဥရောပမှာမူ (၁၄)ရာခိုင်နှုန်းသာရှိနိုင်ကြောင်း သိရသည်။

နှစ်ချုပ်အစီရင်ခံစာတွင်လည်း အမျိုးသမီးအားကစားသည် ဆက်လက်ကြီးထွားနေလိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Women’s Sport Trust ၏အချက်အလက်အရ ယခုနှစ်ကမ္ဘာ့ဖလားသည် ဗြိတိန်တွင်  အမျိုးသမီးအားကစားရုပ်သံကြည့်ရှုမှုနှုန်းကို များစွာမြင့်တက်စေကြောင်း သိရသည်။

ယခုနှစ် အမျိုးသမီး Six Nations ရပ်ဘီပြိုင်ပွဲတွင် ရုပ်သံကြည့်ရှုမှုသည် (၁၀.၄)  သန်းရှိခဲ့ပြီး အများဆုံးပြိုင်ပွဲ ဖြစ်ခဲ့သည်။

Solheim Cup အမျိုးသမီးအသင်းလိုက်ဂေါ့ဖ်ပြိုင်ပွဲ၊ အင်္ဂလန်လက်ရွေးစင်အမျိုးသမီးခရစ်ကတ်အသင်း၊ ကမ္ဘာ့ဖလား Netball ပြိုင်ပွဲတွင် အင်္ဂလန်အသင်းယှဉ်ပြိုင်မှုများက ရေပန်းစားခဲ့ပြီး ဗြိတိန်တွင် အမျိုးသမီးအားကစား စိတ်ဝင်စားမှုနှုန်းကို ပိုမိုမြင့်တက်စေခဲ့သည်။

လွန်ခဲ့သည့်သုံးနှစ်က Deloitte ၏စစ်တမ်းတွင် အမျိုးသမီးအားကစားတန်ဖိုးသည် ပေါင်သန်း (၈၀၀)အောက်သာရှိကြောင်း ဖော်ပြခဲ့သည်။