(၂)နှစ်ကျော်ကြာ ရပ်နားထားသည့် မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ

အချိန် (၂) နှစ်ကျော်ကြာ ရပ်နားထားသည့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းရှိ မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားဘူတာရုံ၌ နိုဝင်ဘာ (၁) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရထားခရီးစဉ်သည် မြန်မာပြည်အလယ်ပိုင်းနှင့် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တို့အတွက် ပြည်တွင်းကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားရေးလုပ်ငန်းတွင် အဓိကအားထားရသော ရထားခရီးစဉ်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနား၌ မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်ပြေးဆွဲသွားမည့် ရထားစက်ခေါင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ခရီးစဉ် စတင်ပြေးဆွဲရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီးတို့ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါစီးနင်းခဲ့ကြသည်။

မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်လမ်းပိုင်းသည် ၃၆ ဒသမ ၇၅ မိုင်ရှိပြီး၊ လမ်းပိုင်းအတွင်း ဘူတာ (၇) ဘူတာ၊ ရပ်နာစခန်း (၁) ခုပါဝင်သည်။ လိုက်ပါစီးနင်းမည့် ခရီးသည်များအတွက် တစ်လတိတိ အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။