၀မ်းလျှောခြင်းနေစဉ် စားသင့်သောအစားအစာများ

1.   ငှက်ပျောသီး

          ငှက်ပျောသီးဟာ အစာခြေစနစ်အတွက် အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါ၀င်တဲ့အတွက် ကုန်ဆုံးသွားတဲ့ ဓာတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာပါ၀င်တဲ့ အမျှင်ဓာတ်များဟာ အူအတွင်းရှိ အရည်များကိုစုပ်ယူပြီး အစာအိမ်လမ်းကြောင်းတစ်လျှောက် ပုံမှန်ရွေ့လျားမှုရရှိအောင် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ အကျိုးပြုဘက်တီးရီးယားများ ပေါက်ဖွားမှုကို အားပေးတဲ့အမျှင်များလည်း ပါ၀င်ပါတယ်။

2.   ဆန်လုံးဖြူနှင့် အာလူးထောင်း

          အမျှင်ဓာတ်နည်းပါးစွာပါ၀င်တာကြောင့် အစာခြေစနစ်ကိုမြန်ဆန်စေပြီးအစောကြေလွယ်ပါတယ်။ သို့သော် ထောပတ်နှင့် တွဲမစားပါနဲ့။ ထောပတ်ဟာ အဆီပါ၀င်မှုများပြားတာကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းကို မသက်မသာဖြစ်စေပါတယ်။

3.   ပန်းသီးဆော့စ်

          ပန်းသီးဟာ ၀မ်းဗိုက်ရောဂါများအတွက် အလွန်ပင်ကောင်းမွန်ပါတယ်။ ပန်းသီးဆော့စ်များပါ၀င်တဲ့ ပတ်တင် (pectin) အမျှင်ဓာတ်ဟာ ၀မ်းလျှောခြင်းလက္ခဏာများကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသီးမှာပါ၀င်တဲ့ သကြားဓာတ်ကလည်း ၀မ်းလျှောခြင်းကြောင့် ကုန်ဆုံးသွားသော energy များကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

4.   ပေါင်မုန့်မီးကင်နှင့် ခရက်ကာမုန့်များ

          ပေါင်မုန့်မီးကင်ဟာ အစာကြေလွယ်ပြီး ဆားပါ၀င်တဲ့ cracker ကတော့ ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းရေးမှာ အသုံး၀င်ပါတယ်။ ထောပတ်ကတော့ အစာခြေစနစ်ကို မသက်မသာဖြစ်စေနိုင်တာကြောင့် ပေါင်မုန့်မီးကင်ကိုထောပတ်နှင့် တွဲပြီးမစားသုံးသင့်ပါ။

5.   ဒိန်ချဉ်

          ဒိန်ချဉ်သောက်ပေးပါ။ ဒိန်ချဉ်မှာပါ၀င်တဲ့ အကျိုးပြုဘက်တီးရီးယားများက ၀မ်းလျှောတာကို သက်သာစေနိုင်ပါတယ်။

6.   ကြက်ပေါင်း

          နူးညံ့ပြီးအရသာရှိလှတဲ့ ကြက်ပေါင်းဟာလည်း ၀မ်းလျှောနေသူများစားသင့်တဲ့ အစားအစာပါ။ ကြက်ပေါင်းမှာပါ၀င်တဲ့ အသားဓာတ်ဟာ ခန္ဓာကိုယ်ကိုစွမ်းအင်ပေးစွမ်းနိုင်ပါတယ်။

7.   ဘလူးဘယ်ရီသီးခြောက်

          ဘလူးဘယ်ရီခြောက်သည် ရောင်ရမ်းမှုကိုလျော့ကျစေပြီး ဘက်တီးရီးယားပိုးမွှားများကို သုတ်သင်နိုင်စွမ်းရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိလည်းရှိတာကြောင့် ကင်ဆာရောဂါကိုကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။

8.   ပင်စိမ်းလက်ဖက်ရည်

          ပင်စိမ်းလက်ဖက်ရည်သည် အစာအိမ်နှင့် အူလမ်းကြောင်းချောမွေ့စေပြီး အူလမ်းကြောင်းရှိ ကြွက်သားများ၏ တင်းအားကိုလျော့ကျစေပါတယ်။ ၀မ်းလျှောခြင်းကြောင့် ကုန်ဆုံးသွားသောရေဓာတ်ကို လည်း ပြန်လည်ဖြည့်စွမ်းနိုင်သလို အူအတွင်းရှိဓာတ်ငွေ့များကိုလည်း လျှော့ချပေးနိုင်ပါတယ်။

♦ ၀မ်းလျှောနေစဉ်ရှောင်ရှားသင့်သောအစားအစာများ

1.   အဆီများတဲ့အစားအစာများ

          အဆီများတဲ့အစားအစာများဟာအူများ၏ လှုပ်ရှားမှုကိုမြန်ဆန်စေပြီး ၀မ်းလျှောတာကိုပိုဆိုးစေပါတယ်။

 2.   နို့နှင့်နို့ထွက်ပစ္စည်းများ

          ၀မ်းလျှောခြင်းကြောင့် Lactase အင်ဇိုင်းများလျော့ကျသွားပါတယ်။ ထိုအခါ နို့ထွက်ပစ္စည်းများမှာပါ၀င်တဲ့ Lactase သကြားဓာတ်ကို ချေဖျက်နိုင်ခြင်းမရှိတော့ပါဘူး။ အကျိုးဆက်အနေနဲ့ လေတက်ခြင်း၊ လေပွခြင်း၊ ပျို့အန်ခြင်းနှင့် ၀မ်းလျှောခြင်းတို့ဖြစ်လာနိုင်ပါတယ်။ ၀မ်းလျှောနေရင်သာမက ၀မ်းချုပ်နေရင်လည်း နို့နှင့် နို့ထွက်ပစ္စည်းစားသုံးမှုကိုခဏတော့ ရှောင်သင့်ပါတယ်။

3.   အရက်နှင့် ကဖင်းပါသောအရည်များ

          အရက်နှင့် ကဖင်းပါသောအရည်များသည် ဆီးရွှင်စေသည့် အာနိသင်ရှိတာကြောင့် ရေဓာတ်ကို ပိုမိုဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် အရက်၊ ကော်ဖီစတာတွေကိုအစာအိမ်နှင့် အူလမ်းကြောင်း ပုံမှန်ပြန်ဖြစ်သည်အထိ ရှောင်ရှားပေးပါ။

4.   Sorbitol နှင့် သကြားအစားထိုးဖြည့်စွက်စာများ

          သကြားအစားထိုးအရာများဟာ ၀မ်းလျှောစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ရှောင်ရှားပေးသင့်ပါတယ်။

5.   လေပွစေသောအစားအစာများ

          လေပွစေတဲ့အစားအစာတွေဖြစ်တဲ့ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နှင့် ကြက်သွန်တို့ကိုလည်း ဒီအချိန်မှာရှောင်ကြဉ်သင့်ပါတယ်။

6.   မသန့်ရှင်းသောအစားအစာများ

          မသန့်ရှင်းသောအစားအစာများ၊ မကျက်တကျက်ချက်ထားသော အစားအစာများဟာ အစာအိမ်နှင့်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။ ဒါ့အပြင် အစားအစာမချက်ပြုတ်မီနှင့် မစားခင်မှာ လက်ကိုဆပ်ပြာနဲ့သေချာစွာဆေးကြောပေးသင့်ပါတယ်။

          ၀မ်းလျှောနေပါက ပျော့ပြောင်းပြီးအစာကြေလွယ်တဲ့ အစားအစာများကိုသာ စားသုံးပေးပါ။ ရေများများသောက်ပေးပါ။ ၀မ်းရပ်သွားပါက ကုန်ဆုံးသွားသောအားအင်များ ပြန်လည်ရရှိရန်အတွက် စားနေကျပမာဏထပ်ပိုစားပေးပါ။