ဩစတြေးလျမှ ဂေါ်ဇီလာပေါက်စလေး

“ဂေါ်ဇီလာလေးလို့ တင်စားခေါ်ဝေါ်တဲ့ မျောက်ဝံပေါက်စကို နည်းမျိုးစုံနဲ့ ရှင်သန်ကြီးထွားလာအောင် မွေးမြူတာဟာ မွေးကင်းစလူသားကလေးငယ် ပြုစုပျိုးထောင်ပေးပုံနဲ့ အင်မတန်ဆင်တူကြောင်း” သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းရှိ ပုဂ္ဂလိကတိရစ္ဆာန်ရုံငယ်ဖြစ်တဲ့ မိုဂိုတောရိုင်းဥယျာဉ်ရဲ့ ဒါရိုက်တာဖြစ်သူ ချက်ဒ်စတေပဲလ်စ်က ပြောကြားခဲ့ပါတယ်။

“ကလေးပေါက်စနဲ့ သူနဲ့ တူညီတာတွေက အံ့သြစရာကောင်းတယ်။ သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့တောင် မွေးကင်းစကလေးလေးကို ကြည့်ရသလို၊ သူ မျက်တောင်တချက်ခတ်တိုင်း ကျနော့်မှာ စကြဝဠာထဲ လွင့်သွားသလိုပဲ” ပဲလို့ စတေပဲလ်စ်က စတင်သားပေါက်တည်းက ယုယမွေးမြူထားလာတဲ့ မျက်လုံးကျယ် ဂေါ်ဇီလာလေး ‘ကိုင်းရက်စ်’ (Kaius) ရဲ့ အကြောင်းကို စီအင်န်အင်န်သို့ ပြောပြပါတယ်။

အစောပိုင်းလတွေတုန်းက ကိုင်းရက်စ်ဟာ စတေပဲလ်စ်ရဲ့ အိပ်ခန်းထဲမှာပဲ အိပ်ခဲ့ပြီး တိရစ္ဆာန်ရုံအစောင့်က သူ့ကို ပုံမှန်နို့တိုက်ကျွေးရပါတယ်။ သူ့အနှီးတွေကိုလည်း လဲပေးရပြီး လူသားကလေးငယ်တွေထက် ပိုပြီး သူက သန်မာပါတယ်။ တစ်ယောက်ယောက်က မျောက်ဝံမျိုးနွယ်ဖြစ်တဲ့ သူ့ရဲ့ လက်နဲ့ခြေထောက်တွေ ချုပ်ကိုင်ထားဖို့က အင်မတန်ခက်ခဲတယ်လို့ ဆိုပါတယ်။

“လူသား ကလေးတစ်ယောက်နဲ့ဆိုရင် သူ့ကို ကိုင်ဖို့ လက်နဲ့ပဲ နည်းနည်းအားစိုက်ရုံနဲ့ ရပေမဲ့ ဒီဂေါ်ဇီလာလေးကိုတော့ ကိုင်ရတာ တကယ်ခက်ပါတယ်” လို့ စတေပဲလ်စ်က ရှင်းပြပါတယ်။ ကိုင်းရက်စ်ဟာ အကောင်ကြီးထွားလာနဲ့အမျှ တိရစ္ဆာန်ရုံတဝိုက်တွင် လမ်းလျှောက်ထွက်ရင်း တိရစ္ဆာန်ရုံအစောင့်ရဲ့ ကျောပေါ်မှာ တွယ်ကပ်လိုက်ပါနေတတ်ပါပြီ။

ဩဂုတ် ၂၅ ရက်၊ ဒီကနေ့မှာတော့ စတေပဲလ်စ်ဟာ ၁၀ လသားအရွယ် ကိုင်းရက်စ်ကို သူမမြင်ဖူးသေးတဲ့ အသက် ၄၂ နှစ်အရွယ် မျောက်ဝံအမ ဂျီ-အန်း (G-Anne)၊ ချိုမြိန်တဲ့ အာလူးနဲ့ ခရမ်းချဉ်သီးတွေနဲ့ စတင်မိတ်ဆက်ပေးလို့ အံ့သြစရာဖြစ်ပေမဲ့ တိရစ္ဆာန်ရုံလာရောက်ကြည့်ရှုတွေအတွက် စိတ်သက်သာစရာ ရခဲ့ပါတယ်။

ကိုင်းရက်စ်ကို မနှစ်က အောက်တိုဘာလမှာ တောရိုင်းတိရစ္ဆာန်ဥယျာဉ်ထဲမှာ သူ့မိဘတွေဖြစ်ကြတဲ့ ၁၀ နှစ်အရွယ်မိခင် ကီပန်စီနဲ့ ၁၇ နှစ်အရွယ်ဖခင် ကီစိန်းတို့က မွေးဖွားပေးခဲ့ပြီး ဒီကနေ့ ကိုယ်အလေးချိန် ၂၂၀ ကီလိုဂရမ် ရှိပါတယ်။

မွေးကင်းစဂေါ်ဇီလာလေးတွေဟာ ပုံမှန်အားဖြင့် သက်တမ်းပြည့် လူသားကလေးငယ်တွေထက် သေးငယ်ကြပြီး ၂ ဒသမ ၂ ကီလိုဂရမ် (၄ ဒသမ ၈၅ပေါင်) ပဲရှိခဲ့တာပါ။