ဧပြီလ ၄ ရက်နေ့မှုခင်းသတင်းများ

-ဧပြီလ ၃ ရက် ၁၆၁၅ နာရီတွင် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနေ ဦးကျော်ကျော်(၅၄)နှစ်သည် တောင်စွန်းကျေးရွာ၊ ရွှေကန်တောင်ရပ်ကွက်ရှိ လ္ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ် အကြမ်းဖက်အဖွဲ့ ၅ ဦးမှ Honda Wish (အဖြူရောင်)ဖြင့် ဆိုင်ရှေ့သို့ ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာမျက်ခုံး၊ လည်ပင်းယာဘက်၊ ယာလက်မောင်း၊ ခါးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၃ ရက် ၀၈၀၀ နာရီတွင် PDF အကြမ်းဖက်အဖွဲ့မှအင်အား ၃၀ ဦးခန့်သည် ကော့ကရိတ်မြို့၊ အမှတ် (၃/၅/၆) ရပ်ကွက်များအတွင်း ဝင်ရောက်လာခဲ့ပြီး ဒေါ်နွယ် (၃၅)နှစ်၊ အမှတ်(၅)ရပ်ကွက်၊ ဦးသိန်းလှိုင် (၅၀)နှစ်၊ အမှတ်(၆)ရပ်ကွက်၊ ဦးမြင့်ဝင်း (၆၀)နှစ်၊ အမှတ်(၃)ရပ်ကွက်၊ ဦးကာဒယ် (၆၆)နှစ်၊ အမှတ်(၅) ရပ်ကွက်၊ ဒေါ်စန်းပု (၅၂)နှစ်၊ အမှတ်(၅)ရပ်ကွက်နှင့် ဦးငယ်လေး (၄၂)နှစ်၊ အမှတ်(၅)ရပ်ကွက်တို့ ၆ ဦးအပါအဝင် အရပ်သား ၃၀ ဦးခန့်အား ဖမ်းဆီး၍ ရန်ကုတ်ကျေးရွာဘက်သို့  ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရ။

-ဧပြီလ ၃ ရက် ၁၄၃၀ နာရီတွင် ထားဝယ်မြို့မှ ပလောက်မြို့သို့ ထွက်ခွာလာသော ယာဉ်မောင်း ဖြိုးဝေရန်နိုင် မောင်းနှင်ပြီး ခရီးသည်  ကျား ၄ ဦး၊ မ ၂ ဦး လိုက်ပါလာသည့် ရွှေဘုရင်ခရီးသည်တင်ယာဉ်သည် သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းကျေးရွာအနီးသို့ အရောက်တွင် PDF အကြမ်းဖက်အဖွဲ့အင်အား ၃၀ ဦး ခန့်မှ ယာဉ်အားရပ်တန့်စစ်ဆေး၍ ယာဉ်ပေါ်ပါ ခရီးသည် ဆင်ထိုးကြီးကျေးရွာ၊ ပလောက်မြို့နယ်နေသူ ဦးမြင့်စိုး (၅၆)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ဝင်းအေး (၅၆)နှစ်တို့ ၂ ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၃ ရက် ၁၅၀၀ နာရီတွင် တောင်သာမြို့နယ်၊ ရန်ကင်းသာစည်ကျေးရွာအနီးတွင် အသက် ၃၅ နှစ်ခန့် (စိစစ်ဆဲ) ကျား ၁ ဦး လက်ပြန်ကြိုးတုတ်ပြီး မျက်နှာအဝတ်စီး၍ မှောက်လျှက် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေး ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၅ နှစ်ခန့် (စိစစ်ဆဲ) ကျားတွင် နောက်ကျော ဝဲ/ယာဘက်ထိုးသွင်းဒဏ်ရာ၊ လည်ဂုတ်၊ မေးစေ့အောက်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၃ ရက် ၁၃၃၀ နာရီတွင် ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်းကျေးရွာတွင်နေထိုင်သော ဦးတင်ထွေး (၆၀)နှစ်နှင့် ၎င်း၏ သားဖြစ်သူ ဦးကျော်သူစိုး တို့ ၂ ဦးသည် နေအိမ်၌ ရှိနေစဉ် အရပ်ဝတ်ဝတ်ဆင်ထားသည့် PDF အကြမ်းဖက် သမား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးတင်ထွေးနှင့် ဦးကျော်သူစိုးတို့ ၂ ဦးအား ဖမ်းဆီး၍ ရွာ၏ တောင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။