အိန္ဒိယက ပြည်တွင်းလုပ် INS Kirpan ဒုံးပျံတင် ကော်ဗတ်စစ်ရေယာဉ်ကို ဗီယက်နမ်သို့ လက်ဆောင်အဖြစ် ပေးအပ်မည်

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းသည် ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး ဖန်ဗန်ဂန် နှင့်အတူ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ဇွန်လ ၁၉ ရက်က ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကျိုးတူ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့်ပတ်သက်၍ တိုးတက်မှုများကို သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံစလုံးက လက်ရှိဆက်ဆံရေးများနှင့်ပတ်သက်၍ ကျေနပ်အားရမှုကို ဖော်ပြခဲ့ကြကြောင်း၊ ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက ပြည်တွင်းလုပ် ဒုံးကျည်တင် ကော်ဗတ် စစ်ရေယာဉ် INS Kirpan အား လက်ဆောင်ပေးမှုကို ကြေညာခဲ့ပြီး ၎င်းသည် ဗီယက်နမ်ပြည်သူ့ရေတပ်၏ စွမ်းရည်များကို မြှင့်တင်ရာတွင် မှတ်တိုင်တစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတို့က တည်ရှိနေသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအား မြှင့်တင်မည့်နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြပြီး အထူးသဖြင့် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ ရေကြောင်းလုံခြုံရေးနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွင်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဆက်လက်၍ ထိတွေ့ဆက်ဆံမှုအစိတ်အပိုင်းအဖြစ် ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးသည် DRDO ဌာနချုပ်သို့ သွားရောက်ပြီး ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ပူးတွဲထုတ်လုပ်မှုဆိုင်ရာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်းစွမ်းရည် မြှင့်တင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးသည် ၂ ရက်ကြာ ခရီးအဖြစ်  ဇွန်လ ၁၈ ရက်က အိန္ဒိယသို့ ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်သည် အိန္ဒိယ၏ Act East Policy နှင့် အင်ဒို-ပစိဖိတ်ဒေသတွင် အရေးပါသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြ ထားပါသည်။