အာဟာရပြည့် ဘဲငယ်နှင့်ဘဲကြီး အစာများစပ်နည်း

ဘဲများကိုလွှတ်ကြောင်းမွေးမြူသည်ဖြစ်စေ၊ အိမ်ခြံဝင်းအတွင်း၌ မွေးမြူသည်ဖြစ်စေ၊ ကြီးထွားနှုန်းကောင်းပြီး
ဥနှုန်းများများရစေရန် အဓိကလိုအပ်ချက်မှာ အာဟာရပြည့်စုံစွာပါဝင်သော အစားအစာများကို ကျွေးမွေးခြင်း
ပင်ဖြစ်သည်။ ဘဲစာထဲ၌ပါဝင်ရမည့် အာဟာရဓာတ်များမှာ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဓာတ်၊
သတ္ထုဓာတ်နှင့် ရေဓာတ်များဖြစ်သည်။ အမျိုးအမည်စုံလင်စွာ ရောစပ်ကျွေးမွေးသွားပါက လိုအပ်သည့်
အာဟာရဓာတ်များကို ရရှိမည်ဖြစ်သည်။ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့၏ စိုက်ပျိုးရေး
ဘေးထွက်ပစ္စည်းများကို လေလွင့်မှုမရှိစေဘဲ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုသွားနိုင်ပါသည်။
ဘဲပေါက်ကလေးများကို အသက်၂ပတ်သားအရွယ်အထိ အစာကိုတစ်နေ့လျှင် ၄ကြိမ်ကျွေးပေးရမည်။
ဘဲကလေးများ နှစ်ပတ်ပြည့်လျှင် အစာကို တစ်နေ့ ၃ကြိမ်သာကျွေးပါသည်။ အသက်တစ်လပြည့်သောအခါတွင်
တစ်နေ့လျှင် ၂ကြိမ်ကျွေးပါသည်။
ဘဲငယ်အတွက်အစာကို
(၁) ဆန်ကွဲ ၃၀ %
(၂) ဖွဲကြမ်း ၃၀ %
(၃) ပုဇွန်ဖွဲ ၁၀ %
(၄) ငါးခြောက်မှုံ ၁၀ %
(၅) နှမ်းဖတ် ၁၀ %
(၆) အုန်းဖတ် ၁၀ %
====== ၁၀၀ %
အရွယ်ရောက်ပြီး ဘဲကြီးတစ်ကောင်သည် တစ်နေ့လျှင် အစာတစ်ဆယ်ကျပ်သား ပျှမ်းမျှစားနိုင်ပါသည်။
ဘဲကြီးအတွက် အစာစပ်နှုန်းမှာ
(၁) ဖွဲကြမ်း ၄၀ %
(၂) ဖွဲနု ၁၅ %
(၃) ဆန်ကွဲ ၂၅ %
(၄) ပုဇွန်ဖွဲ ၁၀ %
(၅) ငါးခြောက်မှုန့် ၅%
(၆) ခရုမှုန့် ၅ %
===== ၁၀၀ %
ဘဲများသည် မှိုအဆိပ်သင့်သည့် ရောဂါကို ကြက်များကဲ့သို့ ခံနိုင်ရည်မရှိသည့်အတွက် ဘဲများ၏အစာထဲတွင်
မှိုမပါရှိစေရေးအတွက် အထူးဂရုစိုက်ရန်လိုသည်။ အစာခွက်ရေခွက်များကိုလည်း အချဉ်မပေါက်စေရန် ဂရုစိုက်ပြီး
အမြဲသန့်စင်ဆေးကြောပေးရန်လိုသည်။ အစာများထားသိုသည့် အခါတွင်လည်း အစာထဲ၌ ရေငွေ့ဓာတ်ပါဝင်နှုန်းများပြီး
သိုလှောင်ရုံအတွင်း လေဝင်လေထွက်မကောင်းပါက အလွယ်တကူ မှိုပေါက်ပွားလာမည်ဖြစ်သည်။ ထို့ကြောင့်
အစားအစာကို သိုလှောင်သည့်အခါ ရေငွေ့ဓာတ်နည်းအောင် အခြောက်ခံပြီး လှောင်ထားစဉ်ကာလတစ်လျှောက်
အစာအိတ်များကို အပေါ်အောက်အလှည့်ကျ လှန်ပေးရမည်။
(အစိမ်းရောင်လမ်းမှ မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)