အသီးတွေကို အိတ်စွပ်ပေးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးများ

သရက်၏ မူရင်းဒေသမှာ အင်ဒို  မြန်မာကျွန်းဆွယ်တို့ ဖြစ်သည်။ ”အသီးမှာ သရက်” ဟု ခေါ်စမှတ်ပြုလောက်အောင် အသီးတကာ့အသီးတွင် အရသာအရှိဆုံး အသီးဖြစ်သည်။ မြန်မာနိုင်ငံသည် သရက်၏မူရင်းဒေသဖြစ်သည့်အလျောက် သရက်မျိုးကွဲပေါင်း ၂၀၀ နီးပါးခန့်ရှိသည်။ ၎င်းတို့အနက်မှ စိန်တလုံးသည် အချိုဓာတ်ပါဝင်မှု မြင့်မားခြင်း (၂၀-၂၄%)၊ အမျှင်ပါဝင်မှုနည်းခြင်း၊ အနံ့အရသာ ကောင်းမွန်ခြင်း၊ စားချင်စဖွယ်  အရောင်အသွေးရှိခြင်းနှင့် အတော်အသင့် တာရှည်အထားခံခြင်းတို့ကြောင့် ပြည်ပသို့ တင်ပို့နိုင်သည့် သရက်သီးဖြစ်သည်။ ၎င်းတွင် ဗီတာမင်အေ၊ စီနှင့် ဘီတို့သာမက ကျန်းမာရေးရှု့ထောင့်အရ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်သော ဓာတ်ပေါင်းများစွာ ပါဝင်သည်။

မြန်မာနိုင်ငံတွင် သရက်၏ စုစုပေါင်းစိုက်ပျိုးဧရိယာမှာ ၂၀၁၂ ခုနှစ်တွင် ဟက်တာ ၇၉၉၀၉ ရှိပြီး ပျှမ်းမျှအထွက်နှုန်းမှာ ၇.၁တန် ဖြစ်သည်။ ယခုအခါ မြန်မာ့စိန်တလုံးသည်  အိမ်နီးချင်းနိုင်ငံများမှ သဘောကျနှစ်ခြိုက်သော မျိုးတစ်မျိုးဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် သရက်သီးများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချခဲ့သည်မှာ ၁၉၈၆ ခုနှစ် ကတည်းကဖြစ်သည်။ တင်ပို့ရောင်းချသော သရက်မျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာနှင့် မြကျောက်တို့ ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် သရက်သီးတန်ချိန်ပေါင်း ၃၉၉,၀၀၀ တန် တင်ပို့ရောင်းချခဲ့ပြီး ဝင်ငွေမှာ ဒေါ်လာသန်းပေါင်း ၁၃.၄၈ ရရှိခဲ့ပါသည်။

ယင်းကဲ့သို့ နိုင်ငံခြားစျေးကွက်များ မြောက်မြားစွာပေါ်ပေါက်လာသည့်အတွက် သရက်စိုက်ပျိုးသူများအနေဖြင့် အရည်အသွေးကောင်းမွန်သော အသီးများရရှိရန် ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကို လိုက်နာကျင့်သုံးသင့်ပါသည်။ ယခုအခါတွင် သရက်အပါအဝင် သစ်သီးအများစု၌ သီးထိုးယင်အန္တာရာယ်သည် ဆိုးရွားစွာ ကျရောက်နေပြီး ၂၀ မှ ၁၀၀% ထိ ပျက်စီးဆုံးရှုံးစေပါသည်။

သီးထိုးယင်ဖျက်ဆီးတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာများ

ပွတ်တိုက်ဒဏ်ရာ

အစေးလောင်ဒဏ်ရာ

နေလောင်ဒဏ်ရာ

အိတ်စွပ်ခြင်းလုပ်ငန်းသည် အကောင်းဆုံးသော သီးထိုးယင်ကာကွယ်နည်းများ အနက်မှ တစ်ခုဖြစ်သည်။ အိတ်စွပ်ခြင်းဖြင့် သီးထိုးယင် ကာကွယ်နိုင်ရုံသာမက ဓာတုဆေးဝါးများ အသုံးပြုခြင်းကို လျှော့ချစေနိုင်ပြီး အသီးအရောင်အသွေး၊ အရွယ်အစားနှင့် အလေးချိန်တို့ကို သိသိသာသာ ကောင်းမွန်စေပါသည်။

သရက်အိတ်စွပ်ရခြင်း၏ ရည်ရွယ်ချက်

ပြင်ပပွန်းပဲ့ ဒဏ်ရာများမှ ကင်းဝေးစေရန်၊ သီးထိုးယင်အန္တာရယ်မှ ကာကွယ်ရန်၊ အသီးများနေလောင်ခြင်းမှ ကာကွယ်ရန်၊ အသီးများ၏အရောင်အသွေးတောက်ပရန်၊ ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချရန်၊ ဈေးကွက်တွင် ဈေးကောင်းရရန်၊ အိတ်စွပ်ခြင်းလုပ်ငန်း၏ အားသာချက်များ၊ ပြင်ပပွန်းပဲ့ ဒဏ်ရာများမှ ကင်းဝေးခြင်း၊ သီးထိုးယင်အန္တာရယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း၊ အသီးများ၏အရောင်အသွေး လှပခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများ သုံးစွဲခြင်းဖြင့် ဝင်ငွေတိုးပွားခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။

အိတ်စွပ်ထားသည့် စိန်တလုံးသရက်သီး

အိတ်မစွပ်သည့်စိန်တလုံး၏ အရောင်အသွေးကွာခြားပုံ

အိတ်စွပ်ခြင်းလုပ်ငန်း၏ အားနည်းချက်များ

  • အိတ်တန်ဖိုးကုန်ကျခြင်း
  • အိတ်စွပ်ချိန်၌ အလုပ်သမားစရိတ် ပိုမိုကုန်ကျခြင်း
  • ရိတ်သိမ်းချိန်၌ အသီး၏ရင့်မှည့်မှုကို ဂရုစိုက်ရခြင်း
  • အိတ်စွပ်ခြင်းလုပ်ငန်း မစတင်မီ ကြိုတင်ပြုလုပ်ရမည့် အချက်များ
  • မိမိ၏ သရက်ခြံတွင် ပိုးမွှားများ၊ ရောဂါများကျရောက်ခြင်း ရှိ/မရှိ စစ်ဆေးရမည်။ ရှိခဲ့ပါက အိတ်မဆွတ်မီ ၃ ရက်အလိုတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ကြိုတင်ဖျန်းရမည်။

အိတ်စွပ်ခြင်းပြုလုပ်သင့်သောသရက်မျိုးများ

မည်သည့်မျိုးကိုမဆို အိတ်စွပ်နိုင်ပါသည်။ သို့ရာတွင် အိတ်စွပ်ခြင်းသည် ပိုမိုကုန်ကျ စရိတ်များသည့်အတွက် ဈေးကောင်းရသောမျိုးများ (ဥပမာ- စိန်တလုံး) ကိုသာ အိတ်စွပ်သင့်ပါသည်။ အထူးဂရုပြုရမည်မှာ အနီရောင်ရှိသော အသီးများ (ဥပမာ- ပန်းဆွဲ) ကို အိတ်စွပ်ရာတွင် ရိတ်သိမ်းသည့်အချိန်၌ အနီရောင်ပြန်ရစေရန် မရိတ်သိမ်းမီ ၇ရက်ခန့်တွင် အိတ်ကိုဖယ်ရှားရမည်။

အိတ်စွပ်ခြင်း ပြုလုပ်ရမည့်အချိန်

အရေအကြီးဆုံးအချက်မှာ အသီးအရွယ်အစားဖြစ်သည်။ ပန်းပွင့်ပြီး ရက်ပေါင်း ၇၀ မှ ၇၅ ရက်သား သို့မဟုတ် အချင်းဝက် ၆-၇ စင်တီမီတာခန့် ရှိသောအသီးများကို အိတ်စွပ်ရမည်။ ယေဘုယျအားဖြင့် အသီး၏ အရွယ်အစားသည် ကြက်ဥအရွယ်ခန့်ရှိမှ အိတ်စွပ်သင့်သည်။ ၎င်းအရွယ်ထက်ငယ်ပါက အသီးကြွေကျနိုင်ပြီး ၎င်းအရွယ်ထက်ကြီးပါက သီးထိုးယင် ဝင်ရောက်တိုက်ခိုက်မှုကို ကာကွယ်နိုင်မည်မဟုတ်ပေ။ အိတ်စွပ်သည့် ကာလသည် ရက်ပေါင်း ၄၀-၅၀ ထိကြာသင့်သည်။ သို့မှသာ အသီး၏အရောင်အသွေးလှပမည်။ ၎င်းကာလထက် ပိုမိုကြာပါက ကယ်ဆီယယ်ဓာတ်ပါဝင်မှု လျော့နည်းနိုင်သည်ဟု သုတေသီများက တင်ပြထားပါသည်။

လိုအပ်သောပစ္စည်းများ 

  • အိတ်
  • လှေကား

ဂျာနယ်စာရွက်ဖြင့်ပြုလုပ်သောအိတ်၊ သတင်းစာစာရွက်ဖြင့်ပြုလုပ်သောအိတ်၊ တရုတ် နိုင်ငံမှ ထုတ်လုပ်သောအိတ်၊ ဂျပန်နိုင်ငံမှ ထုတ်လုပ်သောအိတ်၊ ထိုင်းနိုင်ငံမှ ထုတ်လုပ်သောအိတ်၊ FAO မှ ထုတ်လုပ်သောအိတ်နှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သောအိတ်ဟူ၍ အိတ်အမျိုးမျိုးရှိသည်။ ယခုအခါ ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးရောင်း ချနေသည့်အတွက် မိမိကြက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်သည်။ ဂျာနယ်စာရွက် ဖြင့်ပြုလုပ်သောအိတ်နှင့် သတင်းစာစာရွက်ဖြင့်ပြုလုပ်သောအိတ်တို့သည် အခြားအိတ်များ လောက် ခိုင်ခံ့မှုမရှိသော်လည်း ပြည်တွင်းဈေးကွက်အတွက်သင့်တော်ပါသည်။

သရက်သီးများကို အိတ်စွပ်ခြင်းဖြင့် အသီးအရောင်ပိုမိုတောက်ပခြင်း၊ သီးထိုးယင် ဖျက်ဆီးမှုမရှိခြင်း၊ အသီးပျက်စီးမှုရာခိုင်နှုန်းနည်းပါးခြင်း နှင့် သရက်သီးသက် တမ်းပိုမိုကြာခြင်း တို့ကို တွေ့ရသည်။ အိတ်စွပ်ခြင်းဖြင့် အရောင်အသွေး လှပပြီး စံချိန်မီအရည်အသွေးကောင်းသော ပြည်ပသို့တင်ပို့ရောင်းချနိုင်သော စိန်တလုံးသရက်များ ရရှိနိုင်ပါသည်။ သရက်အိတ်စွပ်ခြင်း လုပ်ငန်းသည် အရည်အသွေးကောင်းသော သရက်သီးများ ရရှိနိုင်ရုံသာမက စျေးကောင်းရခြင်းကြောင့် စိုက်ပျိုးသူများ ဝင်ငွေ ပိုမိုရရှိနိုင်သည့်နည်းလမ်း ဖြစ်ပါသည်။

စောစောသီးနှံပေါ်နိုင်လျှင် စျေးကောင်းရသည့် အတွက် အိတ်စွပ်ခြင်းလုပ်ငန်း အသုံးပြုခြင်းဖြင့် အရောင်အသွေးလှပ၍ အသီးများကို (၃-၅) ရက်ခန့်စော၍ ခူးစွတ်နိုင်သည်။ အိတ်စွပ်ထားသည့် အသီးများသည် အိတ်မစွပ် ထားသည့်အသီးများထက် စျေးနှစ်ဆရရှိနိုင်သည်။ ဂျာနယ်အိတ်နှင့် သတင်းစာအိတ်များသည် ထိုင်းအိတ်နှင့် တရုတ်အိတ်များစွတ်ထား သည့် အသီးများလောက် အရောင်အသွေးမမီသော်လည်း  ပြည်တွင်း စျေးကွက်အတွက် သင့်တော်သည်။ 

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”